MySport Myanmar

သူသာ လီဗာပူးလ် နည်းပြဖြစ်ရင် အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူမယ်လို့ ဆိုလိုက်တဲ့ အိုဝင်

လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ မိုက်ကယ် အိုဝင်က သူဟာ ချယ်လ်ဆီးအသင်းရဲ့ အာဂျင်တီးနား ကွင်းလယ်ကစားသမား အန်ဇို ဖာနန်ဒက်ဇ်ကို အလွန် သဘောကျလွန်းတာကြောင့် သူသာ လီဗာပူးလ်နည်းပြ ဖြစ်နေရင် အန်ဇို ဖာနန်ဒက်ဇ်ကို ရအောင် ခေါ်ယူမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

အသက်(၂၃)နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ တောက်ပခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး လူငယ်ကစားသမားဆုကိုပါ ပိုင်ဆိုင်ခဲ့သလို ကလပ်အသင်းများစွာရဲ့ စိတ်ဝင်စားမှုကိုလည်း ရလာခဲ့ပါတယ်။

Photo Credit : We Ain’t Got No Histroy

ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားနဲ့အတူ အောင်မြင်ခဲ့တဲ့ အန်ဇို ဖာနန်ဒက်ဇ်ကို ၂၀၂၃ ဇန်နဝါရီမှာပဲ ချယ်လ်ဆီးအသင်းက ဘင်ဖီကာအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်(၁၀၆)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ အခုဆိုရင် အန်ဇို ဖာနန်ဒက်ဇ်က ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်မှာ အဓိက ကစားသမားတစ်ယောက်အဖြစ် စွမ်းဆောင်လျက် ရှိနေပါတယ်။

တောင်အမေရိကကြယ်ပွင့် ကစားသမားဖြစ်သူ အန်ဇို ဖာနန်ဒက်ဇ်ဟာ ကွင်းလယ်ခံစစ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေအထိ လိုက်ပါကစားနိုင်သူ ဖြစ်သလို deep-lying playmaker အဖြစ်လည်း ကစားနိုင်သူ ဖြစ်ပါတယ်။ နောက်ပြီး ချယ်လ်ဆီးအသင်းနဲ့ ၂၀၃၂ခုနှစ်အထိ ကာလရှည် စာချုပ်တစ်ရပ် ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။

Photo Credit : Instagram

အန်ဇို ဖာနန်ဒက်ဇ်နဲ့ ပတ်သက်ပြီး အိုဝင်က “ကျွန်တော်ကတော့ အန်ဇို ဖာနန်ဒက်ဇ်ကို အရမ်းကြိုက်ပါတယ်။ သူက ထက်မြက်တဲ့ ကစားသမားတစ်ဦးလို့ ကျွန်တော် ထင်တယ်။ သူ့ကို တကယ် အရမ်းကြိုက်တယ်။ သူက ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်ပါ။ ကျွန်တော်သာ လီဗာပူးလ်နည်းပြ ဖြစ်နေမယ်ဆိုရင် ဒီအာဂျင်တီးနား ကစားသမားကို အရ ခေါ်မှာပါ။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

အန်ဇို ဖာနန်ဒက်ဇ်ကို ရီးယဲလ် မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတွေက ခေါ်ယူလို့ ရနိုင်မယ့် အခွင့်အရေးတွေ ရှိလာမယ်ဆိုရင် ခေါ်ယူချင်ကြမှာ ဖြစ်ပေမယ့် ဖာနန်ဒက်ဇ်ကိုယ်တိုင်ကတော့ ချယ်လ်ဆီးအသင်းမှာပဲ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းသွားဖွယ်သာ ရှိနေပါတယ်။

Exit mobile version