MySport Myanmar

ဒီရာသီမှာ မန်စီးတီးက အဆင့်(၄)နေရာပဲ ရပ်တည်နိုင်မယ်လို့ ခန့်မှန်းလိုက်တဲ့ အိုဝင်

အင်္ဂလန် ဘောလုံးသမားဟောင်းကြီး မိုက်ကယ် အိုဝင်က ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ် အမှတ်ပေးပြိုင်ပွဲမှာ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းက (၅)နှစ်မြောက် ချန်ပီယံ မဖြစ်နိုင်တော့ပဲ အဆင့် (၄)နေရာအထိပါ ရောက်ရှိသွားလိမ့်မယ်လို့ ထူးထူးခြားခြား ခန့်မှန်းလိုက်ပါတယ်။

နည်းပြ ပတ်ပ် ဂွာဒီယိုလာနဲ့အတူ ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဘယ်အသင်းမှ မလုပ်ဆောင်နိုင်ခဲ့တဲ့ (၄)နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီးဟာ လာမယ့် ဘောလုံးရာသီမှာလည်း (၅)နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်လာဖို့ ရေပန်းစားနေပေမယ့် အိုဝင်ကတော့ ဒီရာသီမှာတော့ မန်စီးတီးက အမှတ်ပေး ချန်ပီယံဆုကို လက်လွတ်ရလိမ့်မယ်လို့ သုံးသပ်လာခဲ့ပါတယ်။

Photo Credit : Bola

အိုဝင်က မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လွတ်ရမယ့်အပြင် အဆင့် (၄)နေရာအထိပါ ရောက်ရှိသွားလိမ့်မယ်လို့ အံ့အားသင့်ဖွယ် ခန့်မှန်းခဲ့ပြီး မနှစ်က ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တဲ့ အာဆင်နယ်ကိုတော့ ဒီရာသီရဲ့ အမှတ်ပေး ချန်ပီယံ ဖြစ်လာမယ့်အသင်းလို့ ခန့်မှန်းလိုက်ပါတယ်။

“အာဆင်နယ်နဲ့ မန်စီးတီးတို့က လူတိုင်းရဲ့ Top 4 အတွက် ခန့်မှန်းချက်တိုင်းမှာ ပါဝင်ကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ လီဗာပူးလ်က သူတို့နည်းပြသစ် ဆလော့နဲ့ အံ့ဝင်ခွင်ကျ ဖြစ်နိုင်မလဲဆိုတဲ့ မေးခွန်းတွေ ရှိနေပေမယ့် ကျွန်တော်ကတော့ လီဗာပူးလ်လည်း Top 4 ထဲမှာပဲ ရှိနေလိမ့်မယ်လို့ ထင်ပါတယ်။ နောက်ပြီး နယူးကာဆယ်နဲ့ ပတ်သက်ပြီး ကျွန်တော် တွေးခဲ့ဖူးပေမယ့် အက်စတွန် ဗီလာက ပိုကျစ်လစ်ပြီးတော့ တိုးတက်နေတယ်လို့ မြင်မိပါတယ်။”

Photo Credit : TEAMtalk

“ကျွန်တော့်အထင်တော့ မန်စီးတီးအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မရနိုင်ခဲ့ဘူးဆိုရင် သူတို့ရဲ့ အဆင့်ရပ်တည်မှုဟာလည်း နည်းနည်းလောက်တော့ ကျဆင်းသွားနိုင်တယ်။ (၁၀)ပွဲလောက် ကစားပြီးချိန် သူတို့က ချန်ပီယံ ပြေးလမ်းထဲမှာ ရှိမနေတော့ဘူးဆိုရင် သူတို့အသင်းရဲ့ ဦးစားပေးက တခြားနေရာ ရောက်သွားနိုင်ပါတယ်။”

“အဲ့ဒါက ဒီရာသီမှာ ကြီးမားတဲ့ အံ့အားသင့်စရာတစ်ခုအနေနဲ့ ဖြစ်လာနိုင်တယ်လို့ ကျွန်တော် ထင်မိပါတယ်။ ကျွန်တော်ကတော့ Top 4 မှာ အာဆင်နယ်ကို ထိပ်ဆုံးနေရာက ထားပါမယ်။ လီဗာပူးလ်ကတော့ ဒုတိယ။ ပြီးရင် ဗီလာက တတိယနဲ့ မန်စီးတီးကတော့ စတုတ္ထနေရာမှာပါ။” လို့ အိုဝင်က သုံးသပ် ဟောကိန်းထုတ်လိုက်ပါတယ်။

Exit mobile version