ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ မန်ယူအသင်းနဲ့ လီဗာပူးအသင်းတို့မှာ ကစားခဲ့ဖူးတဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး အိုဝင် ကတော့ ယနေ့ညနဲ့ မနက်ဖြန်ညတွေမှာ ကစားမယ့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ အက်ဖ်အေ ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်နှစ်ခု အကြောင်းကို ခန့်မှန်း သုံးသပ်သွားခဲ့ပါတယ်။ ယခုနှစ် ဘောလုံးရာသီရဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အဆင့်မှာ အင်အားကြီး အသင်းတွေဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်း ၊ မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ထိပ်တိုက် တွေ့ဆုံနေကြပြီး ပွဲစဉ်နှစ်ပွဲစလုံးဟာ ကောင်းမွန် နေတာကြောင့် ပရိသတ်တွေ စောင့်မျှော်ကြည့်ရှုရမယ့် ပွဲကောင်းတွေလည်း ဖြစ်ပါတယ်။ အိုဝင် တစ်ယောက် အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တွေကို ဘယ်လိုမျိုး ခန့်မှန်းသုံးသပ်သွားလဲ ဆိုတာ အတူတူ ဖတ်ရှုလိုက်ကြရအောင်….။

Photo Credit: Metro

အာဆင်နယ်နဲ့မန်စီးတီး ( စနေနေ့ည ၁နာရီ ၁၅မိနစ်)
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ဘုန်းမောက် အသင်းနဲ့ပွဲစဉ်မှာ သာမန် စွမ်းဆောင်ရည်ထက် နိမ့်ကျခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲစဉ်မှာတော့ သူတို့ဟာ ယုံကြည်မှုအပြည့်နဲ့ လာရောက်ကြမှာ ဖြစ်ပါတယ်။ သူတို့ဟာ နောက်ဆုံး ၇ကြိမ် တွေ့ဆုံမှုမှာ အာဆင်နယ်အသင်းကို ပွဲတိုင်း အနိုင်ရထားပါတယ်။ အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာဟာ ကစားသမားဘဝနဲ့ အက်ဖ်အေ ဖလားကို ၂ကြိမ် ရရှိထားသလို မန်စီးတီး အသင်းမှာ လက်ထောက်နည်းပြ လုပ်ခဲ့စဉ်ကလည်း ၁ကြိမ် ရရှိထားပါတယ်။ အာတီတာဟာ နည်းပြဘဝ ပထမဦးဆုံး ရာသီမှာ အာဆင်နယ် အသင်းကို ဆုဖလား ရရှိအောင် ကြိုးစားပေးချင် မှာ သေချာပါတယ်။ အာဆင်နယ်အသင်းဟာ နောက်ဆုံးပွဲမှာ လီဗာပူးအသင်းကို အနိုင်ရထားတာကြောင့် စိတ်ဓာတ် တက်ကြွနေမှာပါ။ ဒါပေမယ့် သူတို့အသင်းဟာ ရလဒ်ပိုင်း မတည်ငြိမ်သလို မန်စီးတီးနဲ့ တွေ့ဆုံမှုမှာလည်း ရလဒ်ပိုင်း က နိမ့်ပါးနေပါတယ်။ ဒီတော့ ဒီပွဲစဉ်မှာ မန်စီးတီး က အနိုင်ယူသွားလိမ့်မယ်လို့ ထင်ပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းရလဒ် – အာဆင်နယ် ၁-၃ မန်စီးတီး

Photo Credit: Metro

မန်ယူနဲ့ချယ်လ်ဆီး ( တနင်္ဂနွေနေ့ည ၁၁နာရီ ၃၀မိနစ်)
နှစ်သင်းစလုံးဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ ပရီးမီးယားလိဂ်မှာ တိုက်ပွဲဝင်နေတာကြောင့် ဒီပွဲဟာ အကြိတ်အနယ် ရှိလာဦးမှာပါ။ နည်းပြနှစ်ဦးစလုံးဟာ အက်ဖ်အေဖလားကို ကစားသမားဘဝမှာ ရယူထားနိုင်ကြပြီး နှစ်ဦးပေါင်း ရရှိထားတဲ့ အကြိမ်ရေကတော့ ၆ကြိမ်ပါ။ လမ်းပတ်ဟာ ၄ကြိမ် ရရှိထားပြီး ဆိုလ်းရှားကတော့ ၂ကြိမ် ရရှိထားပါတယ်။ နည်းပြနှစ်ဦးစလုံး ဟာ ဒီပြိုင်ပွဲရဲ့ အရေးပါပုံကို သိရှိကြပါတယ်။ မန်ယူအသင်းဟာ ချယ်လ်ဆီးနဲ့ နောက်ဆုံး တွေ့ဆုံထားတဲ့ ၃ကြိမ်စလုံးကို အနိုင်ရရှိထားခဲ့သလို နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၁၉ပွဲဆက် ရှုံးပွဲ မရှိထားပါဘူး။ ချယ်လ်ဆီးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ နောဝှစ်ချ်အသင်း ကို ပွတ်ကာသီကာ အနိုင်ရရှိထားပါတယ်။ ဒီတော့ ဒီတစ်ကြိမ်မှာ လမ်းပတ်ဟာ သူ့ရဲ့ ကစားသမားတွေကို ပိုပြီးတော့ စွမ်းဆောင်ရည် ကောင်းစေချင်မှာပါပဲ။ မန်ယူအသင်းကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ချယ်လ်ဆီး အသင်းကို ဒီပြိုင်ပွဲကနေ ဖြုတ်ချနိုင်ခဲ့ပါတယ်။ ဒီတော့ ဒီတစ်ကြိမ်မှာလည်း မန်ယူကပဲ အနိုင် ရရှိသွားမယ်လို့ ထင်ပါတယ်။ မန်ယူအသင်းဟာ ချယ်လ်ဆီးအသင်းကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင် ယူပြီး အက်ဖ်အေဖလား ဖိုင်နယ်ဟာ မန်ချက်စတာဒါဘီ ဖြစ်လာပါလိမ့်မယ်။

အိုဝင်ရဲ့ ခန့်မှန်းရလဒ် – မန်ယူ ၃-၁ ချယ်လ်ဆီး