ကဲ ကျွန်တော်တို့ အပတ်စဉ် တင်ဆက်ပေးနေကြ ဂုရုကြီး မိုက်ကယ်အိုဝင်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၅) အတွက် ထူးရှယ် သုံးသပ်ခန့်မှန်းချက်တွေကို တင်ဆက်ပေးဖို့ အချိန်အခါ ကျရောက်လာပြန်ပါပြီ။ ဒီတပတ်မှာတော့ စပါးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ် ရှိနေသလို လတ်တလောမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဝက်စ်ဟမ်းအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်တို့လို အကြိတ်အနယ် ရှိမယ့် ပွဲကောင်းတွေလည်း ရှိနေပြန်ပါတယ်။ ဂုရုကြီး အိုဝင်တယောက် ပွဲကောင်းတွေ အပေါ် ဘယ်လိုမြင်လဲ ဆိုတာ အတူတူ ဖတ်ရှုလိုက်ရအောင်ဗျာ။

Photo Credit: Metro

ဘန်လေနဲ့ အာဆင်နယ် (စနေနေ့ည ၈နာရီခွဲ)

ဘန်လေအသင်းက ပြီးခဲ့တဲ့တပတ် အဲဗာတန်နဲ့ပွဲမှာ အစကောင်းခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေ ရှုံးနိမ့်ခဲ့တဲ့ ပုံစံကြောင့် ရှောင်ဒိုက်တယောက် အတော်လေး စိတ်ပျက်နေမှာ သေချာတယ်။ ဘန်လေအသင်းက ရာသီအစမှာ ရလဒ်တွေ သိပ်မကောင်းသေးပေမယ့် အတော်လေး ကောင်းတဲ့ ကစားသမား ခေါ်ယူမှုတွေ လုပ်ထားနိုင်တယ်။ ဒါကြောင့် သူတို့တွေ ပြန်အဆင်ပြေလာမယ်လို့ ကျွန်တော် ထင်ပါတယ်။ အာဆင်နယ် ကတော့ ပြီးခဲ့တဲ့ တပတ်မှာ နောဝှစ်ချ်ကို နိုင်ခဲ့ပေမယ့် သူတို့ရဲ့ပုံစံကို မကြိုက်သေးဘူး။ အာဆင်နယ်လို အသင်းတသင်းက အဖွင့်ပွဲ ၄ပွဲမှာ ၁ဂိုးထဲ သွင်းနိုင်တာက မဖြစ်သင့်ဘူးလေ။ သူတို့ရဲ့ အသင်းထဲမှာ ပြောင်းလဲမှုတွေ အများကြီး ရှိနေပြီး အဲ့ဒါတွေကို ပြန်လည် ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ တပ်ဖ်မောကွင်းကြီးက ပွဲကြီးပွဲကောင်းတွေ ဆိုရင် အတော်လေးကို အသက်ဝင်ပါတယ်။ ဒီတပတ်တော့ ဘန်လေကပဲ အနိုင် ၃မှတ် ရယူနိုင်မယ်လို့ ထင်ပါတယ်။
ခန့်မှန်းရလဒ် – ဘန်လေ ၂-၁ အာဆင်နယ်

Photo Credit: Metro

ဝက်စ်ဟမ်းနဲ့ မန်ယူ (တနင်္ဂနွေနေ့ည ၇နာရီခွဲ)

ရိုနယ်ဒိုကတော့ ဒီပွဲမှာလည်း အကောင်းဆုံး ပုံစံနဲ့ စတင်မယ်လို့ ထင်ပါတယ်။ အဖွင့်ပွဲ ၂ပွဲမှာ ၃ဂိုး သွင်းပြီး ဒီလူက အကောင်းဆုံးပုံစံနဲ့ ပြန်လာခဲ့ပါတယ်။ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကို ကျွန်တော် မအံ့ဩပါဘူးလို့ ပြောမိရင် လိမ်ရာကျပါမယ်။ ကျွန်တော်က သူ့ကို ဒီရာသီမှာ ဂိုး၂၀လောက် သွင်းနိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ကြည့်ရတာ ကျွန်တော်တော့ မှားပြီ ထင်ပါတယ်။ သူက ဂိုး၃၀လောက်လည်း သွင်းနိုင်ပါလိမ့်မယ်။ သူက ၃၆နှစ် ဆိုပေမယ့် အခုထိ အကောင်းဆုံး အရွေ့တွေကို ပြုလုပ်နိုင်နေဆဲပါ။ တိုက်စစ်မှူးတွေ အကြောင်း ပြောရင် အန်သိုနီယိုကို ချန်ထားလို့ မရပါဘူး။ သူက မိုယက်စ်ရဲ့အဖွဲ့ အတွက် အကောင်းဆုံး စွမ်းဆောင်ပေးထားသူပါ။ သူ့မှာ အရမ်းကောင်းတဲ့ ကြံ့ခိုင်မှု ရှိတဲ့အပြင် ဂိုးသွင်းစွမ်းရည်ကလည်း ကောင်းတော့ သူနဲ့ ရင်ဆိုင်ရမှာက အိမ်မက်ဆိုး တခုပါပဲ။ ဒီညမှာ အန်သိုနီယို ဂိုးသွင်းနိုင်ရင် ကျွန်တော် အံ့ဩမိမှာ မဟုတ်ပါဘူး။ (တကယ်တော့ ဒီတပတ်မှာ အန်သိုနီယိုက ပွဲပယ်ပြစ်ဒဏ် ထိထားပါတယ်။ အိုဝင်က အဲ့ဒါကို မေ့နေပုံပါပဲ) ဒါပေမယ့် ကျွန်တော်ကတော့ ယူနိုက်တက်ကပဲ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။
ခန့်မှန်းရလဒ် – ဝက်စ်ဟမ်း ၁-၂ မန်ယူ

Photo Credit: Sky Sports

စပါးနဲ့ ချယ်လ်ဆီး (တနင်္ဂနွေနေ့ည ၁၀နာရီ)

ချယ်လ်ဆီးအသင်းက အခုချိန်မှာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်လို့ ကျွန်တော် ခံစားမိနေပါတယ်။ ခံစစ်ပိုင်းကို ကြည့်လိုက်ရင် သူတို့က တဂိုးထဲသာ ခွင့်ပြုထားရပြီး ပုံစံကောင်း ရနေပါတယ်။ ပြီးတော့ ပေးခဲ့ရတဲ့ ဂိုးကလည်း လီဗာပူးနဲ့ပွဲက ပင်နယ်တီပါ။ လူကာကူက တိုက်စစ်ပိုင်းမှာ ရှိနေပြန်တော့ ချယ်လ်ဆီးအသင်းမှာ အားနည်းချက် မရှိဘူးလို့တောင် ဆိုရမှာပါပဲ။ စပါးအသင်းကတော့ ဒီရာသီကို အကောင်းဆုံး စတင်နိုင်ခဲ့ပေမယ့် ပဲလေ့စ်ကို ရှုံးခဲ့တာက စိတ်ပျက်စရာပါ။ သူတို့က ပေးဂိုး တဂိုးမှ မရှိခဲ့ပေမယ့် ၁၀ယောက်ထဲ ကျန်တဲ့ အချိန်မှာ တဂိုးပြီး တဂိုး ပြန်ပေးခဲ့ရပါတယ်။ ဒါကိုတော့ နူနိုတယောက် ကြိုက်မယ် မထင်ဘူး။ အခုချိန်မှာ ချယ်လ်ဆီးအသင်းက ဘယ်လိုမှ ရှုံးနိုင်မယ် မထင်ပါဘူး။ သူတို့က စပါးအသင်းကို လိဂ်ပြိုင်ပွဲမှာ မရှုံးတာလည်း ၃နှစ် ရှိနေပါပြီ။ ဒီတော့ တူချယ်ရဲ့ လူတွေကပဲ ၁-၂လောက်နဲ့ နိုင်သွားမယ်လို့ ထင်ပါတယ်။
ခန့်မှန်းရလဒ် – စပါး ၁-၂ ချယ်လ်ဆီး

Photo Credit: Sky Sports

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ
ဝုဗ် ၁-၀ ဘရန့်ဖို့ဒ်
လီဗာပူး ၃-၀ ပဲလေ့စ်
မန်စီးတီး ၄-၀ ဆောက်သမ်တန်
နောဝှစ်ချ် ၁-၁ ဝက်ဖို့ဒ်
ဗီလာ ၁-၂ အဲဗာတန်
ဘရိုက်တန် ၁-၁ လက်စတာ