ကဲ အပတ်စဉ် တင်ဆက်ပေးနေကြ ဂုရုကြီး မိုက်ကယ် အိုဝင်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်တွေကို တင်ဆက်ပေးရမယ့် အချိန်အခါ ကျရောက်လာပြန်ပါပြီ။ ဒီတပတ်မှာလည်း မန်စီးတီးနဲ့ ဝက်စ်ဟမ်း ၊ ချယ်လ်ဆီးနဲ့ မန်ယူ စတဲ့ ပွဲကောင်းတွေ ရှိနေတာကြောင့် ကျွန်တော်တို့ရဲ့ အချစ်တော် မိုက်ကယ် အိုဝင်က ဘယ်လိုမျိုး ခန့်မှန်းမှုတွေ လုပ်ထားမလဲ ဆိုတာ အတူတကွ ဖတ်ရှုလိုက်ကြရအောင်ဗျာ။

Photo Credit: Metro

မန်စီးတီးနဲ့ ဝက်စ်ဟမ်း (တနင်္ဂနွေနေ့ည ၈နာရီခွဲ)

ပြီးခဲ့တဲ့ တပတ်မှာတော့ မန်စီးတီးအသင်းက အဲဗာတန်အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ခဲ့ပါတယ်။ သူတို့အသင်းအနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ နောက်ကို ထပ်ကြပ်မကွာ လိုက်ချင်တယ် ဆိုရင် ဒီပွဲကိုလည်း မဖြစ်မနေ အနိုင်ယူဖို့ လိုအပ်ပါတယ်။ ဝက်စ်ဟမ်းအသင်းက ရင်ဆိုင်ဖို့ ခက်ခဲတဲ့ အသင်းတသင်းပါ။ သူတို့အသင်းရဲ့ ခံစစ်ကြောင်းကို ထိုးဖောက်ဖို့ ခက်သလို အန်တိုနီယို ရှိနေတဲ့ တိုက်စစ်ပိုင်းကိုလည်း ထိန်းချုပ်ဖို့ မလွယ်ပါဘူး။

Photo Credit: Metro

ကျွန်တော်က ဒီပွဲဟာ ပွဲကောင်းတပွဲ ဖြစ်လာလိမ့်မယ်လို့ ယူဆထားပါတယ်။ မန်စီးတီးအသင်းက ကြားရက်မှာ ပီအက်စ်ဂျီအသင်းကို အနိုင်ရထားလို့ သူတို့အသင်းရဲ့ စိတ်ဓာတ်ပိုင်းက အမြင့်ပိုင်းကို ရောက်နေပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့မှာလည်း မိုးပြာရောင်တို့က သူတို့ရဲ့ ရွက်ကို လွှင့်ပြီး ရမှတ် ၃မှတ် ယူနိုင်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – မန်စီးတီး ၃-၁ ဝက်စ်ဟမ်း

Photo Credit: Sky Sports

ချယ်လ်ဆီးနဲ့ မန်ယူ (တနင်္ဂနွေနေ့ည ၁၁နာရီ)

ဒီတပတ်ရဲ့ စူပါဆန်းဒေးပွဲ ကတော့ မန်ယူအသင်းရဲ့ စတမ်းဖို့ဒ် ဘရေ့ချ်ဆီ သွားရမယ့် ပွဲပါပဲ။ ကြားရက်မှာ မိုက်ကယ် ကာရစ်က အရေးကြီးတဲ့ နိုင်ပွဲတပွဲ ရရှိထားပြီး သူတို့အသင်းရဲ့ စိတ်ဓာတ်ပိုင်းက ပြန်လည် ဦးမော့ နေနိုင်ပါတယ်။

Photo Credit: Sky Sports

ချယ်လ်ဆီးအသင်းကတော့ ဂျူဗင်တပ်အသင်းနဲ့ပွဲမှာ ပြည့်စုံတဲ့ ကစားပုံကို ပြသနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ခံစစ်ပိုင်းက ကျောက်ဆောင်လိုပဲ ကျစ်လျစ်တယ်။ ဒါက ဆုဖလားတွေကို သိမ်းပိုက်နိုင်တဲ့ အသင်းတွေမှာသာ တွေ့ရတဲ့ အချက်တခုပါ။ ကျွန်တော်ကတော့ ကာရစ်က ဒီပွဲမှာလည်း ဗန်ဒီဘိခ်နဲ့ ဆန်ချိုတို့ကို ထပ်ပြီး ပွဲထုတ်ဦးမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အမြင်မှာ ချယ်လ်ဆီးအသင်းက မန်ယူအသင်းထက် အရမ်းကို အင်အား ကောင်းလွန်းနေပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ အပြာရောင်တွေကပဲ အနိုင် ၃မှတ် သိမ်းပိုက်သွားနိုင်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – ချယ်လ်ဆီး ၃-၁ မန်ယူ

Photo Credit: Sky Sports

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

အာဆင်နယ် ၂-၁ နယူးကာဆယ်
လီဗာပူး ၃-၀ ဆောက်သမ်တန်
နောဝှစ်ချ် ၀-၁ ဝုဗ်
ခရစ္စတယ် ပဲလေ့စ် ၁-၁ အက်စ်တွန်ဗီလာ
ဘရိုက်တန် ၂-၀ လိဒ်
ဘရန့်ဖို့ဒ် ၁-၂ အဲဗာတန်
လက်စတာ ၂-၁ ဝက်ဖို့ဒ်
ဘန်လေ ၀-၁ စပါး