ယခုတစ်ပတ်မှာတော့ ဒီဇင်ဘာ ပွဲကျပ်ကာလ အဖြစ် ပရီးမီးယားလိဂ် အသင်းအများစု အနေနဲ့ အနားယူချိန် လုံလုံလောက်လောက် မရရှိပဲ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ကို ဆင်နွှဲသွားရမှာ ဖြစ်ပါတယ်။ ပွဲစဉ် ၁၃ မှာတော့ ပွဲကြီး‌ပွဲကောင်းအဖြစ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး မှာ အမှတ်တူအနေအထားနဲ့ ဂိုးကွာဟချက်အရ အပေါ်အောက် ရောက်ရှိနေတဲ့ အသင်းနှစ်သင်းဖြစ်တဲ့ တော့တင်ဟမ် ဟော့စပါး အသင်းနဲ့ လီဗာပူး အသင်းတို့ဟာ အန်ဖီးလ် ကွင်းထဲမှာ ထိပ်တိုက် ရင်ဆိုင်သွားဖို့ ရှိနေပါတယ်။ အင်္ဂလန် လက်ရွေးစင် ကစားသမား ဟောင်း မိုက်ကယ် အိုဝင် ကတော့ အဆိုပါ ပွဲစဉ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ ခန့်မှန်းချက် နဲ့ အခြား ပွဲ‌စဉ်တွေရဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ရလဒ် တွေကို ခန့်မှန်း ပြောဆိုခဲ့ပါတယ်။ လီဗာပူး အသင်းနဲ့ စပါး အသင်း ပွဲစဉ်မှာတော့ မိုက်ကယ် အိုဝင်က သူ့ရဲ့ အသင်းဟောင်း လီဗာပူး အသင်းအနေနဲ့ စပါး အသင်းကို အနိုင်ရရှိပြီး သုံးမှတ်ရရှိကာ ဇယားထိပ်ကို ပြန်လည် တက်လှမ်းနိုင်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

Photo Credit: Standard

“ ကျွန်တော် ဒီရာသီ စပါး အသင်းရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး အထင်ကြီးမိပါတယ်။ ဒါပေမယ့် သူတို့ ရင်‌ဆိုင်ကစားရမယ့် အသင်းက ပရီးမီးယားလိဂ် နောက်ဆုံး အိမ်ကွင်း ၆၅ ပွဲဆက် မရှုံးနိမ့်ထားတဲ့ လီဗာပူး အသင်းပါ။ အတော်လေး အံ့ဩဖို့ ကောင်းတဲ့ ပမာဏပါ။ ဒီ ပွဲစဉ်က စပါး အသင်းအတွက် စိန်ခေါ်မှု ကြီးမားမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ ဟိုဆေး မော်ရင်ဟို ရဲ့ စပါး အသင်းအနေနဲ့ကလည်း နောက်ဆုံးကစားထားတဲ့ ၁၁ ပွဲမှာ ရှုံးပွဲ မကြုံတွေ့ထားတာကြောင့် သူတို့ အနေနဲ့ ရလဒ်ကောင်း တစ်ခုခု ထွက်ပေါ်လိမ့်မယ်လို့ မျှော်လင့်နေမှာ အသေအချာပါပဲ။ သူတို့ အနေနဲ့ လီဗာပူး အသင်းရဲ့ တန်ပြန်တိုက်စစ်ကို ကာကွယ်ဖို့ အတွက် နောက်တန်းကို သေချာပြင်ဆင်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ အဲ့ဒါက အလုပ်ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်မိပေမယ့်လည်း လီဗာပူး အသင်းအနေနဲ့ တိုက်စစ်ပိုင်းက ပိုသာတဲ့ ခြေစွမ်းရှိတာကြောင့် ကျွန်တော် လီဗာပူး အသင်းကို ရွေးချင်ပါတယ် ” လို့ ပြောခဲ့ပါတယ်။ လီဗာပူး နဲ့ စပါး အသင်း ပွဲစဉ် အတွက် အိုဝင် ရဲ့ ခန့်မှန်းချက်ကတော့ လီဗာပူး ၂-၁ စပါး ဖြစ်ပါတယ်။

 

Photo Credit: Standard

အာဆင်နယ်နဲ့ ဆောက်တမ်တန် ပွဲစဉ်ကိုတော့ အိုဝင်က အခုလိုပဲ ခန့်မှန်းခဲ့ပါတယ်။ “ အကယ်၍ သာ အာဆင်နယ် အနေနဲ့ ဒီပွဲမှာသာ ရှုံးနိမ့်ခဲ့ရင် အာတီတာ အနေနဲ့ ဖိအားရောက်ကို အတော်လေး ကျရောက်သွားမှာတော့ အသေအချာပါပဲ။ အာဆင်နယ် အသင်းအနေနဲ့ ဒီပွဲစဉ်ကို မရှုံးအောင်တော့ သေချာလေး ဂရုတစိုက် ကစားဖို့ လိုပါမယ်။ ကျွန်တော်က ဆောက်တမ်တန် အသင်းရဲ့ ပရိသတ်အကြီးစား ဖြစ်ပေမယ့်လည်း ဒီပွဲစဉ်မှာတော့ သရေရလဒ်သာ ထွက်ပေါ်လိမ့်မယ်လို့ ထင်ပါတယ် ” လို့ ခန့်မှန်းခဲ့ပါတယ်။ အိုဝင်ရဲ့ ခန့်မှန်းချက်ကတော့ အာဆင်နယ် ၁-၁ ဆောက်တမ်တန် ဖြစ်ပါတယ်။ ဆက်လက်ပြီး မန်ယူအသင်း အနေနဲ့ ကတော့ ရှက်ဖီးလ်အိမ်ကွင်းမှာ ရုန်းကန် ရနိုင်ပြီး ကျဉ်းမြောင်းတဲ့ ရလဒ်တစ်ခုသာ ပုံဖော်နိုင်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ “ ကျွန်တော် ရှက်ဖီးလ် အသင်းရဲ့ အိမ်ကွင်း ကစားပုံကောင်းတွေကို မြင်ပြီးပါပြီ။ အကယ်၍သာ ရှက်ဖီးလ် အနေနဲ့ ဒီပွဲစဉ်မှာလည်း အဲ့ဒါကို ပုံဖော်နိုင်ခဲ့ရင် ယူနိုက်တက် တို့ အတွက် ခက်ခဲမှာတော့ အသေအချာပါပဲ။ ဘယ်လိုပဲ ဖြစ်နေပါစေ ယူနိုက်တက် အနေနဲ့ နောက်ထပ် အဝေးကွင်း နိုင်ပွဲတစ်ပွဲ ရရှိသွားမယ်လို့ ထင်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ အိုဝင်ရဲ့ ခန့်မှန်းချက်ကတော့ ရှက်ဖီးလ် ၀-၁ ယူနိုက်တက် ပဲ ဖြစ်ပါတယ်။ အခြားသောပွဲစဉ်တွေအတွက် မိုက်ကယ် အိုဝင် ရဲ့ ခန့်မှန်းချက်တွေကတော့ ဝုဗ်လ် ၀-၂ ချယ်လ်ဆီး၊ မန်စီးတီး ၄-၀ ဝက်စ်ဘရွန်း၊ လိဒ် ၁-၁ နယူးကာဆယ်၊ လက်စတာ ၂-၁ အဲဗာတန်၊ ဖူလ်ဟန် ၂-၂ ဘရိုက်တန်၊ ဝက်စ်ဟန်း ၂-၁ ခရစ္စတယ်ပဲလေ့စ် နဲ့ အက်စတွန်ဗီလာ ၁-၁ ဘန်လေ တို့ပဲ ဖြစ်ကြပါတယ်။