ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ အောင်မြင်တဲ့ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ မိုက်ကယ် အိုဝင်ကတော့ ယခုတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာ ပရိသတ်တွေ အတွက် စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ်နှစ်ပွဲ ဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူး ၊ အဲဗာတန်နဲ့ မန်ယူတို့ ပွဲစဉ်တွေမှာ မန်ချက်စတာမြို့ခံ အသင်းတွေအနေနဲ့ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ခက်လိမ့်မယ်လို့ သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ဟာ ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ရယူနိုင်ဖို့ ရေပန်းစားနေတဲ့ အသင်းနှစ်သင်း ဖြစ်သလို နှစ်သင်းကြားမှာ ရမှတ် ၁မှတ်သာ ကွာဟတာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းက ချန်ပီယံဆုကို ရယူနိုင်ဖို့ ခြေတလှမ်း အသာရသွားဖို့ ရှိသလို အဲဗာတန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ကလည်း သူတို့အသင်းတွေရဲ့ ရည်မှန်းချက်တွေ အတွက် အမှားခံလို့ မရတဲ့ အနေအထားမှာ ရှိနေပါတယ်။

Photo Credit: Pinterest

မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ဟာ မနက်ဖြန်ည ၁၀နာရီ အချိန်မှာ မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ ယှဉ်ပြိုင် ကစားသွားဖို့ ရှိနေပြီး တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အဲဗာတန်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ ရုန်းကန်နေတဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်ကတော့ ယနေ့ည ၆နာရီအချိန်မှာ အဲဗာတန်ရဲ့ အိမ်ကွင်း ဂွတ်ဒီဆင်ပါ့တ်မှာ ယှဉ်ပြိုင် ကစားကြဖို့ ရှိနေတာပါ။

မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ရဲ့ ပွဲစဉ်နဲ့ ပတ်သတ်ပြီး အိုဝင်က – “ကျွန်တော်က ဒီပွဲကို ကြည့်ဖို့ မစောင့်နိုင်တော့ပါဘူး။ ကြားရက်မှာ ကစားခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ ပွဲစဉ်မှာ မန်ချက်စတာ စီးတီးရဲ့ ကစားပုံက အတော်လေး ကောင်းခဲ့တယ်လို့ မြင်ပါတယ်။ ဒါပေမယ့် မန်ချက်စတာ စီးတီးက တဖက် ဂိုးဧရိယာထဲ ရောက်သွားရင် ဂိုးသွင်းနိုင်ဖို့ ရုန်းကန်ရလေ့ ရှိပါတယ်။ လီဗာပူးကတော့ လစ္စဘွန်းမြေမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘင်ဖီကာကို ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။ အဲ့ဒီပွဲက လီဗာပူး အတွက် သွေးနွေးသွားအောင် လုပ်ပေးခဲ့တဲ့ ပွဲလို့တောင် ပြောရပါမယ်။ ဒီပွဲရဲ့ ရလဒ်ကို ခန့်မှန်းရခက်ပေမယ့် ကျွန်တော်ကတော့ လီဗာပူးဘက်မှာပဲ ရှိချင်ပါတယ်။ သူတို့က အခုချိန်မှာ မန်ချက်စတာ စီးတီးထက် ပိုကောင်းတဲ့ ခြေစွမ်းတရပ်ကို ပိုင်ဆိုင်ထားတာကြောင့် သူတို့ပဲ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ နိုင်သွားမယ်လို့ ခန့်မှန်းချင်ပါတယ်” ဆိုပြီး သုံးသပ်ထားပါတယ်။

Photo Credit: Pinterest

ဆက်လက်ပြီး အိုဝင်က အဲဗာတန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်နဲ့ ပတ်သတ်ပြီး – “အဲဗာတန် အတွက် ကြားရက်မှာ ကစားခဲ့တဲ့ ဘန်လေနဲ့ပွဲမှာ ရှုံးနိမ့်ခဲ့တာက တကယ့်ကို ကပ်ဆိုးတခုပါပဲ။ ရလဒ်ဆိုးတွေကြောင့် သူတို့အသင်းရဲ့ ပတ်ဝန်းကျင်နဲ့ အဝတ်လဲခန်း အခြေအနေက မကောင်းလောက်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ဂွတ်ဒီဆင်ပါ့တ်က အဲဗာတန်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်မယ့် နေရာလို့ ထင်ပါတယ်။ သူတို့က အိမ်ကွင်းမှာ ကစားရတဲ့ ပွဲတိုင်းမှာ ရမှတ်တွေ စုဆောင်းနိုင်မှသာ တန်းတင် ကျန်ရစ်မှာပါ။ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့ အပတ်မှာ လက်စတာကို သရေကျခဲ့တဲ့ အပေါ် ကျွန်တော်ကတော့ မအံ့ဩပါဘူး။ သူတို့ရဲ့ ခြေစွမ်းက မတည်ငြိမ်ဘူး ဆိုတာ အားလုံးလည်း သိတယ်လေ။ ဒါကြောင့် ဒီပွဲမှာလည်း အဲဗာတန်က သူတို့ကို ဒုက္ခပေးနိုင်ပါလိမ့်မယ်” လို့ ခန့်မှန်းထားပါတယ်။