ယနေ့ည ၆နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားမယ့် လီဗာပူးအသင်းနဲ့ ဘန်လေအသင်းတို့ရဲ့ ပွဲစဉ်ကနေ စတင်ပြီး ပရီးမီးယားလိဂ် ပွဲစဉ် (၂) ဟာ ပရိသတ်တွေဆီကို ရောက်လာတော့မှာပဲ ဖြစ်ပါတယ်။ ဒီတခါမှာတော့ ပရိသတ် အချစ်တော် မိုက်ကယ်အိုဝင်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂) အတွက် ခန့်မှန်းချက်တွေကို စုစည်း ဖော်ပြပေးချင်ပါတယ်။

Photo Credit: Evening Standard

လီဗာပူးနဲ့ ဘန်လေ (စနေနေ့ည ၆နာရီ)
ခင်ဗျားက ကျွန်တော့်ကို အစွဲကြီးတဲ့ကောင်လို့ ခေါ်နိုင်ပါတယ်။ ဒါပေမယ့် ဒီပွဲကတော့ လီဗာပူးအသင်း အတွက်ပဲ ဖြစ်မယ်လို့ ယုံကြည်နေပါတယ်။ ဗန်ဒိုက် ပြန်ရောက်လာတာနဲ့ အတူ လီဗာပူးအသင်းရဲ့ လူစာရင်းက ပိုပြီး တည်ငြိမ်လာတယ်။ ဒါကြောင့်လည်း နောဝှစ်ချ်အသင်းကို သက်တောင့်သက်သာ အနိုင်ရခဲ့တာ ဖြစ်ပြီး အဲ့ဒီပွဲမှာ ဆာလက်နဲ့ ဂျိုတာတို့ တောက်ပခဲ့ကြပါတယ်။ ဒီရာသီက ဘန်လေအတွက်တော့ ခက်ခဲတဲ့ ရာသီတခု ဖြစ်မှာ သေချာပါတယ်။ ဘရိုက်တန်ကို အိမ်ကွင်းမှာ ရှုံးခဲ့တာက သူတို့အတွက် လက်ခံဖို့ ခက်ခဲနေမှာပါ။ ရှောင်ဒိုက်က နွေဈေးကွက် မပိတ်ခင် သူ့အသင်းကို အကောင်းဆုံး အင်အားဖြည့်တင်းချင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အန်ဖီးလ်ကွင်းရဲ့ အငွေ့အသက်က အရမ်းကို ကောင်းပါတယ်။ ဘန်လေအသင်းက လီဗာပူးရဲ့ ၆၈ပွဲဆက် အိမ်ကွင်း ရှုံးပွဲမရှိတဲ့ စံချိန်ကို ချိုးဖျက်ဖူးပေမယ့် ဒီတကြိမ်တော့ လီဗာပူးတို့ ၂-၀နဲ့ အနိုင်ရမယ်လို့ ယူဆပါတယ်။
ခန့်မှန်းရလဒ် – လီဗာပူး ၂-၀ ဘန်လေ

Photo Credit: Evening Standard

ဆောက်သမ်တန်နဲ့ မန်ယူ (တနင်္ဂနွေနေ့ည ၇နာရီခွဲ)
မန်ချက်စတာ ယူနိုက်တက်က လိဒ်ယူနိုက်တက်ကို နိုင်ခဲ့တဲ့ ပွဲစဉ်မှာ အရမ်းကို ကောင်းခဲ့ပါတယ်။ လိဒ်အသင်းက သူတို့တွေ ကစားရလွယ်အောင် လုပ်ခဲ့တယ် ဆိုပေမယ့် ယူနိုက်တက်ရဲ့ ကစားပုံကလည်း အရမ်းကို ကောင်းခဲ့တာပါ။ ပေါ့ဘာနဲ့ ဖာနန်ဒက်တို့က အကောင်းဆုံး ကစားသမားတွေ ဖြစ်ခဲ့ကြပြီး အခွင့်အရေးတွေကို တကြိမ်ပြီး တကြိမ် ဖန်တီးခဲ့ကြပါတယ်။ ဂရင်းဝုဒ် ဂိုးသွင်းနိုင်တာကို မြင်ရတာကလည်း ကျေနပ်စရာ ကောင်းပါတယ်။ သူက ကမ္ဘာ့အဆင့် တိုက်စစ်မှူး ဖြစ်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ပြီးတော့ ယူနိုက်တက်က ဆန်ချိုနဲ့ ဗာရန်းတို့ကိုလည်း ခေါ်ယူထားနိုင်ပါတယ်။ ဒီတော့ ဒီအချိန်မှာ သူတို့ရဲ့ ပုံစံကောင်းကို မြင်တွေ့နေရပါတယ်။ ဆောက်သမ်တန်ကတော့ အဲဗာတန်ကို နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီမှာ သူတို့က ဒုတိယမြောက် ပေးဂိုးအများဆုံး အသင်းပါ။ ဒီတော့ ဒီပွဲမှာလည်း ယူနိုက်တက်ရဲ့ နိုင်ပွဲကလွဲရင် တခြား ဘာရလဒ်မှ ထွက်လာမယ် မထင်ပါဘူး။
ခန့်မှန်းရလဒ် – ဆောက်သမ်တန် ၁-၃ မန်ယူ

Photo Credit: Evening Standard

အာဆင်နယ်နဲ့ ချယ်လ်ဆီး (တနင်္ဂနွေနေ့ည ၁၀နာရီ)
ပြီးခဲ့တဲ့ တပတ်က အာဆင်နယ်ကို ကြည့်ပြီး အတော်လေးကို စိတ်ပျက်မိပါတယ်။ သူတို့က စီနီယာ ကစားသမား တချို့ကို လက်လွှတ်ထားရတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဘရန့်ဖို့ဒ်က နိုင်ပွဲနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ သူတို့က ဒီနွေဈေးကွက်မှာ ပိုက်ဆံတွေ အများကြီး သုံးထားပါတယ်။ ဒါပေမယ့် သူတို့ တိုးတက်လာတယ် ထင်လား။ ကျွန်တော်တော့ မထင်ပါဘူး။ တကယ်လို့ သူတို့သာ အဆင့်၆ အထက်က နေရာတခုကို ရောက်ခဲ့ရင် ကျွန်တော် အံ့အားသင့်မိမှာပါ။ အာဆင်နယ်ရဲ့ အဖြစ်အပျက်တွေက ချယ်လ်ဆီးနဲ့ ပြောင်းပြန်ပါ။ ချယ်လ်ဆီးအသင်းက အရမ်းကို ကောင်းနေတယ်။ သူတို့ကို ဂိုးသွင်းဖို့ ခက်ခဲသလို အခုဆို သူတို့က လူကာကူကိုတောင် ခေါ်ထားနိုင်ပါတယ်။ သူတို့က အဓိက တိုက်စစ်မှူး မရှိပဲ ပြီးခဲ့တဲ့ရာသီမှာ အဆင့်၄နဲ့ ရာသီသိမ်းနိုင်ခဲ့တယ်။ အခုတော့ သူတို့မှာ ထိပ်တန်း တိုက်စစ်မှူးတဦး ရှိနေပါပြီ။ ဒါဘီပြိုင်ပွဲတွေမှာ ဘာမဆို ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီလန်ဒန်ဒါဘီ ကတော့ မမျှတတဲ့ပွဲ တခုပါ။ ဒီပွဲမှာ ချယ်လ်ဆီးက ၂-၀ ဆိုတဲ့ ရလဒ်နဲ့ သက်တောင့်သက်သာ နိုင်သွားမယ်လို့ ထင်ပါတယ်။
ခန့်မှန်းရလဒ် – အာဆင်နယ် ၀-၂ ချယ်လ်ဆီး

Photo Credit: Evening Standard

အခြားပွဲစဉ်တွေအတွက် ခန့်မှန်းရလဒ်များ
ဗီလာ ၂-၁ နယူးကာဆယ်
ပဲလေ့စ် ၀-၁ ဘရန့်ဖို့ဒ်
လိဒ် ၁-၂ အဲဗာတန်
မန်စီးတီး ၅-၀ နောဝှစ်ချ်
ဘရိုက်တန် ၂-၀ ဝက်ဖို့ဒ်
ဝုဗ် ၁-၁ စပါး
ဝက်စ်ဟမ်း ၁-၁ လက်စတာ