တချိန်က ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ဖူးသလို လက်ရှိအချိန်မှာ နာမည်ကြီး ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ မိုက်ကယ် အိုဝင်ကတော့ သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက နောက်ခံလူ ဗာဂျယ် ဗန်ဒိုက်ဟာ ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး နောက်ခံလူပါလို့ ချီးကျူးသွားခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ဟာ လီဗာပူးရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ တိုက်စစ်မှူးကောင်း တဦး ဖြစ်ပြီး လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ၂၉၇ပွဲ ကစားပေးခဲ့ရာ သွင်းဂိုး ၁၅၈ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄၉ကြိမ် အထိ ပြုလုပ်နိုင်ခဲ့သလို ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုလည်း လီဗာပူးနဲ့အတူ ကစားစဉ်က ရယူနိုင်ခဲ့တာပါ။

Photo Credit: Standard

တဖက်မှာတော့ အသက် ၃၀ အရွယ် နယ်သာလန် လက်ရွေးစင် အသင်းခေါင်းဆောင် ဗဟိုခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သလို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူလို့လည်း တင်စားခံနေရပါတယ်။

ဗာဂျယ် ဗန်ဒိုက်ဟာ ၂၀၁၈ခုနှစ်ကမှ ဆောက်သမ်တန်ကနေ လီဗာပူးထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၈၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး လီဗာပူးထံ စတင် ရောက်ရှိကာစမှာပဲ အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး ဖြစ်လာသလို အသင်းကိုလည်း ပရီးမီးယားလိဂ်ဖလား ၊ ချန်ပီယံလိဂ်ဖလား ၊ ဥရောပစူပါဖလား ၊ ကမ္ဘာ့ကလပ်ဖလားနဲ့ ကာရာဘောင်းဖလားတို့ ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သူပါ။

Photo Credit: Standard

ဒါကြောင့်ပဲ ဗာဂျယ် ဗန်ဒိုက်ဟာ ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး ခံစစ်မှူးတွေထဲက တဦး ဖြစ်ကြောင်း ချီးကျူးသံတွေ ထွက်ပေါ်နေပြီး လီဗာပူးရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ အိုဝင်ကတော့ ဗန်ဒိုက်ဟာ ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး ဗဟိုနောက်ခံလူပါလို့ ချီးကျူး ထောပနာ ပြုသွားခဲ့ပါတယ်။

အိုဝင်က – “ဗန်ဒိုက်က ဖာဒီနန်နဲ့ ယှဉ်လိုက်ရင် ဂိုးတွေ ပိုမို သွင်းယူနိုင်တဲ့ ခံစစ်မှူး တဦးပါ။ ကျွန်တော်က ကျွန်တော်နဲ့ တွဲကစားခဲ့ဖူးတဲ့ နောက်ခံလူတွေထဲမှာ ဖာဒီနန်က အကောင်းဆုံး ခံစစ်မှူးပါလို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ဗန်ဒိုက်က ဖာဒီနန်ထက် ပိုကောင်းတယ်လို့ ယူဆပါတယ်။ တကယ်လို့ အခုချိန်သာ ကျွန်တော်က ဗန်ဒိုက်နဲ့ ရင်ဆိုင်ရမယ် ဆိုရင် ဘယ်လိုမျိုး ကစားရမလဲ ဆိုတာကိုတောင် မစဉ်းစားတတ်ပါဘူး။ ဗန်ဒိုက်က ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ခံစစ်မှူးပါ။ သူက လူကောင်ကြီးတယ်။ ကြံ့ခိုင်တယ်။ ပြီးတော့ ဘောလုံးစွမ်းရည်လည်း ကောင်းတယ်။ အတော်လေးလည်း လျင်မြန်တဲ့ ကစားသမားပါ။ ဒါကြောင့်ပဲ သူနဲ့ ရင်ဆိုင်ရမယ် ဆိုရင် အတော်လေးကို ခက်ခဲမယ်လို့ ယူဆပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။