ကဲ ဒီတပတ်မှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲတွေကို ယှဉ်ပြိုင် ကစားတော့မှာပဲ ဖြစ်ပါတယ်။ အုပ်စုနောက်ဆုံးပွဲတွေ မကစားခင်မှာ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့တဲ့ အသင်းတွေ ရှိနေသလို အုပ်စုနောက်ဆုံးပွဲ ပြီးဆုံးမှပဲ ရှုံးထွက်အဆင့်ဆီ တက် ၊ မတက် ဆိုတာ သိရမယ့် အသင်းတွေလည်း ကျန်နေပါသေးတယ်။

အင်္ဂလန်နိုင်ငံရဲ့ နာမည်ကျော် အသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က အုပ်စုနောက်ဆုံးပွဲ ကစားပြီးမှ ရှုံးထွက်အဆင့်ဆီ တက် ၊ မတက် ဆိုတာကို သေချာ သိရမယ့် အသင်းတွေထဲ ပါဝင်နေပြီး ဒီတခါမှာ ကျွန်တော်က နယူးကာဆယ်နဲ့ ယူနိုက်တက်တို့ရဲ့ တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က သူ့အသင်းဟောင်းတွေရဲ့ ပွဲတွေကို ဘယ်လိုမျိုး ခန့်မှန်း သုံးသပ်ပေးထားလဲ ဆိုတာကို တင်ဆက်ပေးသွားချင်ပါတယ်။ စလိုက်ရအောင်ဗျာ…။

Photo Credit: DAZN

မန်ယူနဲ့ ဘိုင်ယန် (ဗုဒ္ဓဟူးနေ့ မနက် ၂နာရီခွဲ)

ကျွန်တော်ကတော့ ယူနိုက်တက်ဟာ ရှုံးထွက်အဆင့်ဆီ တက်နိုင်တော့မယ်လို့ မထင်ပါဘူး။ သူတို့က ရှုံးထွက်အဆင့်ဆီ တက်ရောက်သင့်တဲ့ အသင်းကောင်း တသင်းလို့လည်း မမြင်ပါဘူး။ ကျွန်တော်က အင်္ဂလန်အသင်းတွေ အားလုံး အဆင်ပြေတာကိုပဲ မြင်ချင်ပေမယ့် ယူနိုက်တက်ကတော့ ရှုံးထွက်အဆင့်ဆီ တက်ရောက်သင့်တဲ့ စွမ်းဆောင်ရည်မျိုးတွေ မပြနိုင်ခဲ့ပါဘူး။ သူတို့က ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်လေး အတွက် ဘိုင်ယန်ကို အနိုင် ကစားရပါမယ်။ ဒါပေမယ့် အဲ့ဒီလို စွမ်းဆောင်ပြဖို့က သူတို့အတွက် အရမ်းကို ခက်ခဲလွန်းပါတယ်။ ဒါကြောင့် ကျွန်တော်က ယူနိုက်တက်ဟာ ရှုံးထွက်အဆင့်ဆီ တက်နိုင်မယ်လို့ မထင်ပါဘူး။

Photo Credit: DAZN

နယူးကာဆယ်နဲ့ အေစီမီလန် (ကြာသပတေး မနက် ၂နာရီခွဲ)

နယူးကာဆယ်က အရမ်းကို ကံမကောင်းလွန်းလို့သာ ပဲရစ်မြို့မှာ အနိုင် ၃မှတ် မရခဲ့တာပါ။ လူတိုင်းက သူတို့တွေ ပေးခဲ့ရတဲ့ ပင်နယ်တီဟာ လက်ထိဘော မဟုတ်ဘူး ဆိုတာကို သိကြပါတယ်။ သူတို့က ကံမကောင်းလွန်းလို့ ပင်နယ်တီ ပေးခဲ့ရတာပါ။ အဲ့ဒီသရေပွဲကြောင့်ပဲ သူတို့က အခုလို ရှုပ်ထွေးတဲ့ အခြေအနေမျိုးထဲ ကျရောက်နေတာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ နယူးကာဆယ်ဟာ ရှုံးထွက်အဆင့်ဆီ တက်နိုင်ဖို့ အတော်လေး အခြေအနေ ကောင်းတယ်လို့ သုံးသပ်ချင်ပါတယ်။ သူတို့က နောက်ဆုံးပွဲကို အိမ်ကွင်းမှာ ကစားရဖို့ ရှိနေတာကြောင့် ပရိသတ်တွေက သူတို့ကို လိုအပ်နေတဲ့ စိတ်ဓာတ်ခွန်အားနဲ့ ကစားအားတွေ ရအောင် ကူညီပေးပါလိမ့်မယ်။

နယူးကာဆယ်ရဲ့ ဒဏ်ရာရ ကစားသမား များပြားနေမှုက ဒီပွဲမှာ အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ သူတို့က အဓိက လူစာရင်းရဲ့ ကစားသမား တ​ဝက်လောက်ပဲ ကျန်တော့ပေမယ့် ပရီးမီးယားလိဂ်မှာရော ၊ ချန်ပီယံလိဂ်မှာပါ အခြေအနေ ကောင်းနေပါတယ်။ ဒီအတွက် သူတို့ကို ချီးကျူးသင့်ပါတယ်။ ကျွန်တော်က နယူးကာဆယ်ဟာ အိမ်ကွင်းမှာ အေစီမီလန်ကို အနိုင်ရသွားမယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ ပီအက်စ်ဂျီက အဝေးကွင်းမှာ ဒေါ့မွန်ကို အနိုင်ရဖို့ ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် နယူးကာဆယ်က အေစီမီလန်ကို အနိုင်ယူပြီး ရှုံးထွက်အဆင့်ဆီ တက်သွားနိုင်ချေ များပါတယ်။