MySport Myanmar

မန်ယူက ဈေးကွက်မပိတ်ခင်မှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူရမယ်လို့ အိုဝင် သုံးသပ်

အင်္ဂလန်နဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး မိုက်ကယ် အိုဝင်က သူ့အသင်းဟောင်းအနေနဲ့ ဒီနွေမှာ နယ်သာလန် တိုက်စစ်ကစားသမား ဂျိုရှုအာ ဇက်ခ်ဇီးကို ခေါ်ယူထားခဲ့ပေမယ့်လည်း ဈေးကွက်မပိတ်ခင် နောက်ထပ် တိုက်စစ်မှူးတစ်ဦးကို ထပ်မံ ခေါ်ယူသွားရမယ်လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။

ဒီနွေမှာ ယူနိုက်တက်အသင်းကနေ တိုက်စစ်မှူး အန်တိုနီ မာရှယ် ထွက်ခွာသွားခဲ့ပေမယ့် ဘိုလော့ဂ်နာကနေ ဇာခ်ဇီးကို အစားထိုး ခေါ်ယူနိုင်ခဲ့သလို အသင်းမှာလည်း ဟွိုင်လန်း ရပ်ရှ်ဖို့ဒ် ဆန်ချို အန်တိုနီ အာမတ် ဂါနာချို ပယ်လစ်စထရီတို့လို တိုက်စစ်ကစားသမားတွေ အစုံအလင် ရှိနေပါတယ်။ ဒါပေမယ့် ဆန်ချို အန်တိုနီနဲ့ ပယ်လစ်စထရီတို့က အနာဂတ် မသေချာတော့သလို ဟွိုင်လန်းကလည်း ဒဏ်ရာကြောင့် (၆)ပတ်ခန့် အနားယူနေရပါတယ်။

Photo Credit : Sky Sports

အသင်းကနေ အားကိုးတကြီး ခေါ်ယူလိုက်တဲ့ ဇက်ခ်ဇီးကလည်း အထောင်တိုက်စစ်နေရာမှာ (၁၇၈)ပွဲအထိ ကစားခဲ့ပြီး (၇၉)ဂိုးတောင် သွင်းယူထားနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ အံ့ဝင်နိုင်ဖို့ ယူနိုက်တက် ကစားပုံနဲ့ အံ့ဝင်ခွင်ကျ ဖြစ်ဖို့က လိုအပ်နေသေးပြီး မနှစ်ကဆိုရင်လည်း စီးရီးအေမှာ (၃၄)ပွဲကစားရင်း (၁၁)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် ယူနိုက်တက်ရဲ့ တိုက်စစ်အခြေအနေနဲ့ ပတ်သက်ပြီး အိုဝင်က “ဂျိုရှုအာ ဇက်ခ်ဇီးက မန်ချက်စတာ ယူနိုက်တက်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာနိုင်ပေမယ့် ရာသီသစ်အစမှာ သူတို့ဟာ တိကျတဲ့ ကစားဟန်နဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်မလား ဆိုတာကို စောင့်ကြည့်ရပါမယ်။”

Photo Credit : Just Arsenal

“ဒီကစားသမားက ဂိုးတွေ သွင်းယူရာမှာ ထူးချွန်တဲ့ ပုံစံမျိုး မပေါ်ပေမယ့် သေချာတာကတော့ ယူနိုက်တက်အနေနဲ့ သူတို့အတွက် ဂိုးတွေ များများ သွင်းယူပေးနိုင်မယ့် နေရာမှာ အားကောင်းဖို့ လိုအပ်နေပါသေးတယ်။ အရင်တုန်းက ယူနိုက်တက်အသင်းတွေဆီ ပြန်ကြည့်လိုက်မယ်ဆိုရင်လည်း သူတို့မှာ ထိပ်တန်း တိုက်စစ်မှူး (၄)ဦးလောက် ရှိခဲ့ဖူးပါတယ်။ အသင်းကလည်း မကြာသေးမီ နှစ်များအတွင်း ဂိုးသွင်းရှင်တွေ ရှားပါးနေတာကြောင့် အရည်အသွေးကောင်းတဲ့ ကစားသမားတစ်ဦးကို ခေါ်ယူတာက မမှားပါဘူး။”

“နောက်တစ်ဆင့်ကတော့ သူ ဘာတွေ လုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်သွားရုံပါပဲ။ ဒါပေမယ့် ပြောစရာလိုတာကတော့ ယူနိုက်တက်အတွက်က နစ္စတဲရွိုင်းတို့ ဗန်ပါစီတို့ ရွန်နီတို့လို ဂိုးတွေ လှိုင်လှိုင် သွင်းယူပေးနိုင်မယ့် ကစားသမားမျိုးပါ။ အခုကတော့ ဇက်ခ်ဇီးကိုပဲ စောင့်ကြည့်သွားရတော့မှာ ဆိုပေမယ့် နောက်ထပ် ကစားသမားတစ်ဦး ရလိုက်မယ်ဆိုရင်လည်း ဒါက ယူနိုက်တက်အတွက် အပေါင်းလက္ခဏာ ဆောင်ပါလိမ့်မယ်။” လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version