ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ မိုက်ကယ် အိုဝင်ကတော့ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဟာ ယခုနှစ် ဘောလုံးရာသီမှာ မထင်မှတ်ပဲ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်သေးကြောင်း သုံးသပ်သွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီ အစကမှ နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်က တန်ဟက်ဂ်ရဲ့ ကောင်းမွန်တဲ့ ကိုင်တွယ် ထိန်းချုပ်မှုကြောင့် ဒီရာသီမှာ ခြေစွမ်းပိုင်းရော ၊ ရလဒ်ပိုင်းပါ သိသိသာသာ တိုးတက်နေပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၂၃) အပြီးမှာ လိဂ်ရဲ့ အဆင့်၃နေရာကို သိမ်းပိုက်ထားနိုင်ပါတယ်။

Photo Credit: Express

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်က ကာရာဘောင်းဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ တက်လှမ်းထားနိုင်သလို ယူရိုပါလိဂ်နဲ့ အက်ဖ်အေပြိုင်ပွဲတွေကိုပါ ဆက်လက် ယှဉ်ပြိုင်ခွင့် ရထားပါတယ်။ လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ်ရဲ့ အဆင့်၃နေရာမှာ ရှိနေပြီး ဒုတိယနေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးထက် ၁ပွဲပို ကစားထားချိန်မှာ ရမှတ် ၂မှတ် လျော့နည်းနေသလို ပထမနေရာမှာ ရှိနေတဲ့ အာဆင်နယ်ထက် ၂ပွဲပို ကစားထားချိန်မှာ ရမှတ် ၅မှတ် လျော့နည်းနေပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက မန်ချက်စတာ ယူနိုက်တက်က ဒီရာသီမှာ မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့ကို ကျော်ကာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရအောင် ယူနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်နေကြပေမယ့် အိုဝင်ကတော့ မန်ချက်စတာ ယူနိုက်တက်ကသာ ဒီခြေစွမ်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ရင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို အမှတ်မထင် ရသွားနိုင်ကြောင်း ဆိုလာပါတယ်။

Photo Credit: Express

အိုဝင်က – “မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိနေပါသေးတယ်။ တကယ်လို့ မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့ကသာ ပြီးခဲ့တဲ့ လအနည်းငယ်က ခြေစွမ်းမျိုးနဲ့ ကစားနေနိုင်ရင် သူတို့နှစ်သင်းထဲက တသင်း ချန်ပီယံ ဖြစ်လိမ့်မယ်လို့ အခိုင်အမာ ပြောလို့ ရပါတယ်။ ဒါပေမယ့် အခု နှစ်သင်းစလုံးက စပြီး ခြေကျနေပါပြီ။ အာဆင်နယ်က နောက်ဆုံး ၂ပွဲမှာ ရမှတ် ၁မှတ်ပဲ ယူထားနိုင်သလို မန်ချက်စတာ စီးတီးကလည်း လွန်ခဲ့တဲ့ နှစ်တွေကလို အားမကောင်းတော့ပါဘူး။ ပြီးတော့ အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့က နှစ်ကျော့တောင် ကစားရဖို့ ကျန်နေပါသေးတယ်။ ဒါကြောင့် သူတို့နှစ်သင်းစလုံးမှာ ရမှတ်တွေ လျော့နည်းနိုင်ချေ ရှိနေပါတယ်။ ဒါကြောင့် ခင်ဗျားတို့က မန်ချက်စတာ ယူနိုက်တက်ကိုပါ ချန်ပီယံလောင်းစာရင်းထဲ ထည့်တွက်ဖို့ လိုပါမယ်။ မန်ချက်စတာ စီးတီးကို ချန်ပီယံလောင်း အဖြစ် သတ်မှတ်ရင် မန်ချက်စတာ ယူနိုက်တက်ကိုပါ အဲ့ဒီစာရင်းထဲ ထည့်သွင်းရပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။