ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်ရဲ့ နာမည်ကြီး တိုက်စစ် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ အိုဝင် ကတော့ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ချန်ပီယံ ဖြစ်နိုင်တဲ့ အသင်းစာရင်းမှာ သူ့ရဲ့ အသင်းဟောင်း တစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လန်ဒန်မြို့ အခြေစိုက် နာမည်ကြီး အသင်း ဖြစ်တဲ့ အာဆင်နယ် အသင်းတို့ကို ချန်လှပ် သွားခဲ့ပါတယ်။ ကစားသမား ဘဝမှာ လီဗာပူးအသင်း ၊ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့မှာ ကစားခဲ့ဖူးတဲ့ အိုဝင်ဟာ လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်မှုတွေကို ပြုလုပ်နေပြီး သူ့ရဲ့ ပွဲကြို သုံးသပ်ချက်တွေဟာ ဘောလုံး ပရိသတ်တွေ ကြားထဲမှာ အတော်လေးကို ရေပန်းစား နေပါတယ်။

Photo Credit: Metro

အာဆင်နယ် အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဟာ လက်ရှိ ဘောလုံးရာသီမှာ ခြေစွမ်းပိုင်း တည်ငြိမ်မှု လိုအပ်နေတဲ့ အသင်းတွေ ဖြစ်ကြပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တစ်ပွဲလျော့ အနေအထားမှာ ပရီးမီးယားလိဂ်ရဲ့ နံပါတ် ၁နေရာမှာ ရှိနေတဲ့ စပါးအသင်းနဲ့ ၅မှတ်သာ ကွာဟတာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို မှန်းဆလို့ ရတဲ့ အနေအထားမှာ ရှိနေပါတယ်။ အာဆင်နယ် အသင်းကတော့ ၁၀ပွဲအပြည့် ကစားပြီးထားချိန်မှာ ရမှတ် ၁၃မှတ်သာ ရရှိထားပြီး အဆင့် ၁၄နေရာ အထိ ရောက်ရှိ နေတာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ အနည်းငယ် ရုန်းကန်ရမယ့် အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့် အိုဝင်ကတော့ ပရီးမီးယားလိဂ် ချန်ပီယံလောင်း ဖြစ်နိုင်တဲ့ အသင်းတွေကို ခန့်မှန်းရာမှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အာဆင်နယ် အသင်းတို့ကို ချန်လှပ်မှုတွေ ပြုလုပ် သွားခဲ့ပါတယ်။

Photo Credit: Metro

လက်ရှိ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဘယ်အသင်းက ရရှိနိုင်မလဲ ဆိုတာနဲ့ ပတ်သတ်ပြီး အိုဝင်က “ဘယ်အသင်းက ချန်ပီယံဖြစ်မလဲ ဆိုတာ မခန့်မှန်းနိုင်တဲ့ ဘောလုံးရာသီ တစ်ခုကို ပြပါ ဆိုရင်တော့ ဒီရာသီကိုပဲ ပြရမှာပါ။ ချန်ပီယံ လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ အသင်းတွေဟာ အများကြီး ရှိနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ လက်ရှိ ရာသီမှာ ချန်ပီယံဖြစ်နိုင်တဲ့ အသင်းလေးသင်းပဲ ရှိတယ် လို့ ယုံကြည်နေဆဲပါပဲ။ အဲ့ဒီအသင်းတွေ ကတော့ လီဗာပူး ၊ မန်ချက်စတာ စီးတီး ၊ ချယ်လ်ဆီးနဲ့ တော့တင်ဟမ်‌ ဟော့စပါးတို့ပဲ ဖြစ်ပါတယ်” လို့ ပြောကြား သွားခဲ့ပါတယ်။ လက်ရှိ အချိန်ဟာ ရာသီဝက် ကာလ ပြီးဆုံးဖို့ နောက်ဆုံးလကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် ယခုလ အကုန်မှာ ဘယ်အသင်းတွေဟာ ချန်ပီယံလောင်း စာရင်းမှာ ဆက်ရှိနေပြီး ဘယ်အသင်းတွေ ကတော့ ဥရောပပြိုင်ပွဲဝင်ခွင့် ကိုသာ အဓိက ထားရမလဲ ဆိုတာ ကွဲကွဲပြားပြား အဖြေပေါ်လာဖွယ် ရှိနေပါတယ်။