ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ မိုက်ကယ် အိုဝင် ကတော့ သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ရလဒ်ကောင်းတွေ ရရှိချင်ရင် ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းနေတဲ့ နောက်ခံလူ မက်ဂွိုင်းယားကို အရန်ခုံပို့ဖို့ လိုအပ်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်၂နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရပြီး ခံစစ်ပိုင်းက ပွဲတိုင်းလိုလို ပေးဂိုးတွေ ခွင့်ပြုပေးနေရတဲ့ အချက်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ရလဒ်ဆိုးတွေ အတွက် အဓိက တရားခံလည်း ဖြစ်ပါတယ်။

Photo Credit: Express

အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက နောက်ခံလူလည်း ဖြစ်တဲ့ ဟယ်ရီ မက်ဂွိုင်းယားရဲ့ ကွင်းတွင်း ခြေစွမ်းပိုင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ အတော်လေးကို ဆိုးရွားနေခဲ့ပြီး မက်ဂွိုင်းယား ပါဝင် ကစားတဲ့ ပွဲစဉ်တိုင်းမှာ မန်ချက်စတာ ယူနိုက်တက်က တဖက်အသင်းရဲ့ တိုက်စစ်ကို ထိန်းချုပ်ဖို့ အားနည်းခဲ့သလို မက်ဂွိုင်းယား ကိုယ်တိုင်ကလည်း အမှားအယွင်းတွေ မကြာခဏ ပြုလုပ်နေလေ့ ရှိပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် ၁-၁ ဆောက်သမ်တန် ပွဲစဉ်အပြီးမှာတော့ အိုဝင်က လက်ရှိ မန်ချက်စတာ ယူနိုက်တက်နည်းပြ ရန်းဂ်နစ်အနေနဲ့ ရလဒ်ကောင်းတွေ ပြန်လည် ရယူချင်ရင် ပုံမှန် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ မက်ဂွိုင်းယားကို အရန်ခုံဆီ ပို့ဖို့ လိုအပ်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့တာပါ။

Photo Credit: Express

မက်ဂွိုင်းယားကို ပွဲထွက်လူစာရင်း ကနေ ချန်လှပ်သင့်ကြောင်းကို အိုဝင်က – “ကျွန်တော်က မက်ဂွိုင်းယားမှာ အကြောက်တရားတွေ ရှိနေတယ်လို့ ခံစားနေရပါတယ်။ သူ့ရဲ့ ကစားပုံက အတော်လေးကို ရှက်စရာကောင်းပါတယ်။ သူက လျင်မြန်မှု မရှိတော့သလို ဘရော်ဂျာရဲ့ လှည့်စားမှုကိုလည်း ခပ်လွယ်လွယ်ပဲ ခံခဲ့ရပါတယ်။ သူက အမှားတခု လုပ်ပြီးရင် အဲ့ဒီအမှားကို ပြန်လည် ပြင်ဆင်ဖို့ မပြောနဲ့ နောက်ထပ် အမှားတွေကို ဆက်ပြီး ကျူးလွန်ဖို့ အဆင်သင့် ဖြစ်နေသလိုပါပဲ။ သူနဲ့ ဘရော်ဂျာရဲ့ ဖြစ်ရပ်က ပင်နယ်တီ ပေးသင့်တဲ့ ဖြစ်ရပ်တခု မဟုတ်ပေမယ့်လည်း သူ့ရဲ့ တုံံ့ပြန်ပုံက အတော်လေး ဆိုးရွားနေပါတယ်။ သူ့ရဲ့ အဓိက ပြဿနာက လျင်မြန်မှု မရှိတာပါ။ ပေးလိုက်ရတဲ့ ပေးဂိုးမှာဆိုရင်လည်း သူသာ မြန်နေမယ် ဆိုရင် နေရာလွတ်တွေကို လျှော့ချနိုင်ဖို့ ရှိနေပေမယ့် သူကတော့ ကျောက်ရုပ်တရုပ်လို ငြိမ်သက်နေခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ပွဲထွက်ခွင့် ပေးနေမယ် ဆိုရင် အမှားကြီး တခု ကျူးလွန်မိသလို ဖြစ်နေပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။