ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိမှာ အောင်မြင် ကျော်ကြားတဲ့ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ မိုက်ကယ် အိုဝင်ကတော့ လာမယ့် မေလ ၂၉ရက်နေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင် ကစားမယ့် လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးက ရီးရဲလ်မက်ဒရစ်ကို ဂိုးပြတ် အနိုင်ရသွားလိမ့်မယ်လို့ ခန့်မှန်း သုံးသပ်သွားခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟောင်း တဦး ဖြစ်တဲ့ မိုက်ကယ် အိုဝင်က လီဗာပူးနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို သိမ်းပိုက် ရယူနိုင်ခဲ့တဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သလို ရီးရဲလ်မက်ဒရစ်နဲ့လည်း ဆုဖလားတွေကို သိမ်းပိုက်နိုင်ခဲ့သူပါ။

Photo Credit: UEFA

အိုဝင်ရဲ့ အသင်းဟောင်းတွေ ဖြစ်ကြတဲ့ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့က ယခုနှစ် ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ထိပ်တိုက် တွေ့ဆုံနေကြပြီး သူတို့နှစ်သင်း ရေကုန်ရေခမ်း ယှဉ်ပြိုင် ကစားကြမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတော့ ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ယခုနှစ် ဘောလုံးရာသီမှာ အမြင့်မားဆုံး စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားကြတဲ့ အသင်းနှစ်သင်း ဖြစ်သလို ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဒီနှစ်သင်း ထိပ်တိုက် တွေ့ဆုံခဲ့စဉ်က ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူးကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရထားတာကြောင့် ဒီတကြိမ်ဟာ လီဗာပူးအတွက် ရှုံးကြွေးဆပ်ရမယ့် ပွဲစဉ်လို့လည်း လီဗာပူး ပရိသတ်တွေက ကြွေးကြော်ထားကြပါတယ်။

Photo Credit: Metro

လီဗာပူးရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ မိုက်ကယ် အိုဝင်ကလည်း ယခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးက ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်နေပြီး လီဗာပူးက ရီးရဲလ်မက်ဒရစ်ကို ဂိုးပြတ်နိုင်ပွဲနဲ့ ရှုံးကြွေး ပြန်ဆပ်လိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

အိုဝင်က – “ကျွန်တော်ကတော့ လီဗာပူးဟာ ရီးရဲလ်မက်ဒရစ်ထက် ပိုကောင်းတဲ့ အသင်းလို့ပဲ ထင်ပါတယ်။ ပြီးတော့ သူတို့က ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ ဒီပွဲမှာ လီဗာပူးက ရီးရဲလ်မက်ဒရစ်ကို ၃-၀ ဒါမှမဟုတ် ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားလိမ့်မယ်လို့ ခန့်မှန်းချင်ပါတယ်။ လီဗာပူးက အရမ်းကို ကောင်းမွန်တဲ့ အသင်းတသင်း ဖြစ်သလို ရီးရဲလ်မက်ဒရစ်က သူတို့ကို ယှဉ်နိုင်ဖို့ မလွယ်ပါဘူး” လို့ ခန့်မှန်းသွားခဲ့တာပဲ ဖြစ်ပါတယ်။