တစ်ချိန်က ပရီးမီးယားလိဂ်မှာ နာမည်ကြီး တိုက်စစ်မှူးတစ်ဦး ဖြစ်ဖူးသလို လက်ရှိမှာ သူ့ရဲ့ ပွဲကြို သုံးသပ်ချက်တွေကြောင့် ဘောလုံးပရိသတ်တွေ ကြားထဲမှာ ရေပန်းစားနေတဲ့ မိုက်ကယ်အိုဝင် ကတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၅)နဲ့ ပတ်သတ်ပြီးလည်း ခန့်မှန်း သုံးသပ်မှုတွေ ပြုလုပ် သွားခဲ့ပါတယ်။ ဒီတစ်ခါ မှာတော့ ကျွန်တော်က ပွဲစဉ်(၁၅)မှာ ကစားမယ့် ပွဲစဉ် ၁၀ပွဲထဲက အကောင်းဆုံး ပွဲစဉ် ၃ပွဲနဲ့ ပတ်သတ်ပြီး မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်း သုံးသပ်မှုတွေကို တင်ဆက် ပေးသွားမှာပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

လက်စတာနဲ့ မန်ချက်စတာ ယူနိုက်တက် (စနေနေ့ည ၇နာရီ)

မန်ချက်စတာ ယူနိုက်တက် အသင်းက ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းမှာ အတော်လေးကို တိုးတက် လာခဲ့တဲ့ အသင်းတစ်သင်းပါ။ သရဲနီတွေက အဆင့်၃အထိ တက်လှမ်း နိုင်ခဲ့သလို သူတို့ရဲ့ လက်ထဲမှာ ပွဲကျန် တစ်ပွဲလည်း ကျန်ပါသေးတယ်။ အဲ့ဒီပွဲကျန်ကိုသာ နိုင်ခဲ့ရင် သူတို့အသင်းက အဆင့်၂အထိ တက်လှမ်း နိုင်မှာပါ။ အခုချိန်မှာ အိုလေနဲ့ သူ့ရဲ့ ကစားသမားတွေဟာ အလှည့်အပြောင်း ကာလတစ်ခုနဲ့ ကြုံနေရပြီး ယုံကြည်မှုတွေလည်း ပြင်းထန်နေပါတယ်။ လက်စတာအသင်း ကတော့ အိမ်ကွင်းမှာ အဲဗာတန် အသင်းကို ရှုံးနိမ့်ခဲ့တဲ့ အရှုံးကို စပါးအသင်းနဲ့ ပွဲစဉ်မှာ အနိုင်ယူပြီး ချေဖျက်ပြခဲ့ပါတယ်။ သူတို့အသင်းက ဒီရာသီမှာ ရလဒ်တွေ မတည်မငြိမ် ဖြစ်နေပေမယ့် အဆင့်၂ နေရာအထိ ရောက်ရှိနေတာ ကတော့ ကျေနပ်စရာပါ။ အဲ့ဒီပွဲက အတော်လေးကို ခက်ခဲမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်ပြီး နှစ်သင်းကြားမှာ သရေပွဲ တစ်ပွဲ ထွက်ပေါ်လာမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – လက်စတာ ၁-၁ မန်ချက်စတာ ယူနိုက်တက်

Photo Credit: Sky Sports

အာဆင်နယ်နဲ့ ချယ်လ်ဆီး (စနေနေ့ည ၁၂နာရီ)

အာဆင်နယ်နဲ့ ပတ်သတ်ပြီး ဘယ်ကနေ စပြောရမလဲ။ အာဆင်နယ် အသင်းက အခုချိန်မှာ ကူကယ်ရာ မဲ့နေပါတယ်။ မီကယ် အာတီတာက အခုချိန်အထိ သူ့ရဲ့ အကောင်းဆုံး ကစားသမား ၁၁ယောက် စာရင်းကို မသိသေးသလို သူတို့အတွက် အခုချိန်မှာ ကံကောင်းခြင်းတွေ ရှိနိုင်မှာလည်း မဟုတ်ပါဘူး။ ချယ်လ်ဆီး အသင်းကတော့ ဒီနေ့ပွဲစဉ်ဆီ ဝက်စ်ဟမ်းအသင်းကို နိုင်ခဲ့တဲ့ နိုင်ပွဲနဲ့ ချီတက်လာမှာပါ။ ဒီတော့ ဒီပွဲမှာ အပြာရောင် တပ်သားတွေက နေရာပေါင်းစုံမှာ ရုန်းကန်နေရတဲ့ အသင်းတစ်သင်းကို အနိုင်ရသွားမယ် လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – အာဆင်နယ် ၀-၂ ချယ်လ်ဆီး

Photo Credit: Sky Sports

ဝုဗ်အသင်းနဲ့ စပါးအသင်း (တနင်္လာနေ့ မနက် ၁နာရီ ၄၅မိနစ်)

စပါးအသင်းက ပြီးခဲ့တဲ့ တစ်ပတ်က ရှုံးပွဲကို လျင်လျင်မြန်မြန် ပြန်ပြီး မေ့ပစ်ချင်နေမှာ အသေအချာပါပဲ။ မော်ရင်ဟို ဦးဆောင်တဲ့ အသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံအိမ်မက်က လီဗာပူးအသင်းကို ရှုံးခဲ့တဲ့ ပွဲနဲ့ လက်စတာ အသင်းကို ရှုံးခဲ့တဲ့ ပွဲတွေကြောင့် အတော်လေး မှေးမှိန် သွားပါတယ်။ ဝုဗ်အသင်းက အမြဲတမ်း တိုက်စစ်ဆင် ကစားဖို့ ဆန္ဒရှိတဲ့ အသင်းတစ်သင်းပါ။ ဒီလိုပွဲမျိုးမှာ ကျွန်တော်က စပါးအသင်းကို အတော်လေး သဘောကျပါတယ်။ ဝုဗ်ကသာ သူတို့အသင်းရဲ့ ပုံစံအတိုင်း တိုက်စစ်ဆင် ကစားခဲ့မယ် ဆိုရင် ဒါဟာ အဝေးကွင်း အသင်းအတွက် ကောင်တာ ကစားဖို့ အကောင်းဆုံး ဖြစ်မှာ သေချာပါတယ်။

ခန့်မှန်းရလဒ် – ဝုဗ် ၀-၂ စပါး

Photo Credit: Sky Sports

အခြားပွဲစဉ်များအပေါ် ခန့်မှန်းမှုများ
ဖူလ်ဟမ် ၁-၂ ဆောက်သမ်တန်
မန်စီးတီး ၂-၀ နယူးကာဆယ်
ရှက်ဖီးလ် ၀-၁ အဲဗာတန်
ဝက်စ်ဟမ်း ၂-၁ ဘရိုက်တန်
လီဗာပူး ၃-၁ ဝက်စ်ဘရွန်း