ဒီတစ်ပတ် ပိတ်ရက်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ရပ်နားပြီး အက်ဖ်အေဖလား စတုတ္တအကျော့ ပွဲစဉ်တွေကို ကစားသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အက်ဖ်အေ ဖလား ပွဲစဉ်တွေ အတွက် နာမည်ကြီး ပွဲကြိုခန့်မှန်းသူ ဖြစ်တဲ့ မိုက်ကယ် အိုဝင် ရဲ့ ပွဲကြို ခန့်မှန်းချက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။ အက်ဖ်အေ ဖလား စတုတ္ထအဆင့်မှာတော့ စိတ်ဝင်စားဖို့ အကောင်းဆုံး ပွဲစဉ်အဖြစ် လီဗာပူးအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ တွေ့ဆုံနေကြပြီးတော့ ထိုနှစ်သင်းလုံးဟာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကမှ အန်ဖီးလ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ရင်ဆိုင် ကစားထားခဲ့တဲ့ အသင်းနှစ်သင်း ဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ အဆိုပါ ပွဲစဉ်မှာ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ဒီနေ့ပွဲစဉ်မှာ သေချာလေး အားစိုက် ကစားသွားမှာတော့ အသေအချာပါပဲ။ မိုက်ကယ် အိုဝင် ကတော့ ဒီတစ်ပတ်ရဲ့ အကြိတ်အနယ် အရှိဆုံး ပွဲတစ်ပွဲ ဖြစ်လာမယ့် မန်ချက်စတာယူနိုက်တက် နဲ့ လီဗာပူးတို့ရဲ့ ပွဲစဉ်ကို အခုလိုပဲ ခန့်မှန်းပေးခဲ့ပါတယ်။

Photo Credit: Talksport

“ ကျွန်တော်တို့ အနေနဲ့ ပွဲထွက်လူစာရင်းကော၊ နည်းစနစ်ပိုင်းကော အပြောင်းအလဲတွေ ပြုလုပ်လာမှာကို မြင်ရဖွယ် ရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ ပွဲစဉ်ကတော့ နှစ်သင်းစလုံးအတွက် နည်းစနစ်ပိုင်းအရ အတော်လေး ကြီးကြီးမားမား မျှတခဲ့ပါတယ်၊ ပြီးတော့ နှစ်သင်းထဲမှ ာဆိုရင်တော့ ယူနိုက်တက်က ပွဲအပြီးမှာ ပိုပျော်ရတဲ့ အသင်းဖြစ်ခဲ့မှာ သေချာပါတယ်။ အခု ဒီဖလားပွဲမှာတော့၊ မတူညီတဲ့ ရလဒ်တစ်မျိုးမျိုး ထွက်လာနိုင်မယ်လို့ ထင်ပါတယ်။ ယူနိုက်တက်က အိမ်ကွင်းမှာ ကစားရတာကြောင့် သူတို့ အန်ဖီးလ်ဒ်မှာ လုပ်ခဲ့သလိုမျိုး လီဗာပူး ကို ဘောလုံးပိုင်ဆိုင်မှု အများကြီးပေးလိမ့်မယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။ အကယ်၍ အဲ့ဒါသာ အကောင်အထည် ဖော်နိုင်ရင် ယူနိုက်တက် အနေနဲ့ တိုက်စစ်ဖွင့်ကစားလိမ့်မယ်၊ အဲ့ဒီလိုသာ ဖြစ်လာခဲ့ရင် လီဗာပူး အသင်းအတွက် တန်ပြန်တိုက်စစ် လမ်းကြောင်းဖွင့်ပေးလိုက်သလို ဖြစ်လိမ့်မယ်။ ပြောရရင်တော့၊ လီဗာပူး အနေနဲ့ ကျဉ်းမြောင်းတဲ့ ရလဒ်တစ်ခုနဲ့ အနိုင်ရသွားမယ်လို့ ထင်ပါတယ် ” မိုက်ကယ်အိုဝင် ရဲ့ ခန့်မှန်းချက် ( မန်ချက်စတာယူနိုက်တက် ၁-၂ လီဗာပူး )

Photo Credit: Talksport

ပရီးမီးယားလိဂ် အသင်းချင်း တွေ့ဆုံတဲ့ နောက်ထပ် ပွဲစဉ်အဖြစ် ဆောက်သမ်တန် အသင်းဟာ အာတီတာ ရဲ့ အာဆင်နယ် အသင်းကို စိန့်မေရီမှာ လက်ခံ ကစားသွားမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာလည်း ပရီးမီးယားလိဂ်မှာ တွေ့ဆုံစဉ်က တစ်ဖက် တစ်ဂိုးစီနဲ့ သရေ ရလဒ် ထွက်ပေါ်ထားတဲ့ အသင်းနှစ်သင်း ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်အတွက် မိုက်ကယ် အိုဝင် ရဲ့ ခန့်မှန်းချက်ကတော့ “ ရာ့ဖ် ဟာဆန်ဟက်တယ် ရဲ့ အသင်းက ဒီတစ်ကြိမ်မှာလည်း ကောင်းကောင်းကြီး ခြေစွမ်းပြနိုင်ပါလိမ့်မယ်၊ ပြီးတော့ အကယ်၍ သူ့အနေနဲ့ အာဆင်နယ်ကို ဘောလုံးကိုင် ကစားခိုင်းရင်လည်း ကျွန်တော် အံ့ဩမိမှာ မဟုတ်ပါဘူး။ အကယ်၍ သူသာ အဲ့ဒီအတိုင်း လုပ်ခဲ့ရင်တော့၊ ဆောက်တမ်တန် အနေနဲ့ ဒီတစ်ကြိမ်မှာ ကျွန်တော် မျှော်လင့်ထားတဲ့ တန်ပြန်တိုက်စစ်နဲ့ ကောင်းကောင်းကြီး ချေမှုန်းလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ” လို့ ပြောခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်အတွက် အိုဝင် ရဲ့ ခန့်မှန်းချက်ကတော့ ( ဆောက်တမ်တန် ၁-၀ အာဆင်နယ် ) ဖြစ်ပါတယ်။

Photo Credit: Talksport

မိုက်ကယ်အိုဝင်ရဲ့ အခြားသောအသင်းတွေ အတွက် ခန့်မှန်းချက်ကတော့ ဘုန်းမောက် ၃-၀ ခရောလေ၊ ဆွမ်ဆီး ၂-၀ နော်တင်ဂမ် ဖောရက်စ်၊ ချယ်လ်တန်ဟမ် ၀-၄ မန်စီးတီး၊ ဘရန်စလေ ၁-၁ နော်ဝစ်ရှ်၊ မီဝေါလ် ၂-၁ ဘရစ္စတိုလ် စီးတီး၊ ဘရိုက်တန် ၂-၀ ဘလက်ပူးလ်၊ ရှက်ဖီးလ် ၂-၁ ပို့မောက်၊ ဝက်စ်ဟန်း ၂-၀ ဒွန်ကတ်စတာ၊ ချယ်လ်ဆီး ၂-၀ လူတန်၊ ဘရန့်ဖို့ဒ် ၂-၁ လက်စတာ၊ ဖူဟမ်လ် ၁-၀ ဘန်လေ၊ အဲဗာတန် ၂-၀ ရှက်ဖီးလ်ဝမ်းနက်စဒေး၊ ဝေးလ်ကွန်ဘီ ၀-၃ စပါး တို့ပဲ ဖြစ်ပါတယ်။