မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုက အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်ကို ယူနိုက်တက် နည်းပြရာထူးကနေ ထုတ်ပယ်ခံရတာမျိုး ဖြစ်စေချင်လိမ့်မယ်လို့ ဘောလုံးသမားဟောင်းကြီး မိုက်ကယ် အိုဝင်က မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

ဆန်ချိုနဲ့ တန်ဟက်ဂ်တို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အဆင်မပြေမှုတွေ အက်ကွဲကြောင်းတွေ ရှိခဲ့ပြီး ဆန်ချိုက လက်ကျန်ရာသီဝက်မှာ သူ့အသင်းဟောင်း ဒေါ့မွန်ဆီ အငှားနဲ့ ပြန်ပြောင်းရွှေ့ခဲ့ပေမယ့် ဒီရာသီအစပိုင်းမှာတော့ သူတို့နှစ်ဦးကြား ပြန်လည် အဆင်ပြေခဲ့ပြီး ရိန်းဂျားစ်နဲ့ ခြေစမ်းပွဲမှာပါ ပါဝင်ကစားလာခဲ့ရပါတယ်။

Photo Credit : Sky Sports

တန်ဟက်ဂ်က သူနဲ့ ဆန်ချိုတို့ကြား အရာအားလုံး ပြည်ဖုံးကားချလိုက်ပြီဖြစ်ပြီး အကောင်းဆုံး ရှေ့ဆက်သွားတော့မှာလို့ ထုတ်ပြောခဲ့သလို ရိန်းဂျားစ်နဲ့ပွဲမှာလည်း ဆန်ချိုကို ထည့်သွင်းခဲ့ပါသေးတယ်။ ဒီလို အခြေအနေတွေအရ တန်ဟက်ဂ်နဲ့ ဆန်ချိုတို့ကြားမှာ တကယ် ပြေလည်မှု ရရှိသွားပြီလို့ ထင်ရပေမယ့် အိုဝင်ကတော့ ဆန်ချိုဟာ တန်ဟက်ဂ်ကို အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံရစေချင်တာမျိုး ဖြစ်စေချင်လိမ့်လို့ ပြောဆိုလိုက်ပါတယ်။

“ဂျေဒန် ဆန်ချိုဟာ နည်းလမ်းများစွာနဲ့ တကယ့်ကို အန္တရာယ်များတဲ့ အပြောင်းအရွှေ့တစ်ခုကို လုပ်ဆောင်ခဲ့ပေမယ့် သူ မီးမွှေးခဲ့တဲ့ နေရာဆီ ပြန်သွားရမှာက ရှောင်လွှဲလို့မရတဲ့ အရာတစ်ခုပါ။ ပြန်ရောက်သွားတော့လည်း သူ ကောင်းကောင်း လုပ်ဆောင်ခဲ့ပါတယ်။”

Photo Credit : Just Arsenal

“နောက်ပြီး အိုးထရက်ဖို့ဒ်မှာ နည်းပြအပြောင်းအလဲ ဖြစ်သွားတာမျိုးကို သူမျှော်လင့်ခဲ့လိမ့်မယ်ဆိုတာ ကျွန်တော် သေချာပေါက် ပြောနိုင်ပါတယ်။ ဒီလို ဖြစ်သွားမှပဲ သူနဲ့ ပတ်သက်တဲ့ အရာတွေအားလုံး ရှင်းလင်းပြီးသားလည်း ဖြစ်သွားနိုင်မယ်။ ပြီးရင် ဒီအသင်းဆီကိုလည်း ပြန်လာပြီးတော့ အသင်းမှာ ပြန်ကစားဖြစ်မယ်လို့ မျှော်လင့်ခဲ့ပုံပါပဲ။”

“သူရဲ့ အနာဂတ်က ဘာဖြစ်လာမလဲဆိုတာ ကျွန်တော် မသိပေမယ့် သူ သေချာပေါက် ဒီအသင်းကနေ ဝေးရာဆီ ထွက်သွားနိုင်ပြီးတော့ ထိပ်တန်းအဆင့်မှာ ဆက်ရှိနေနိုင်တယ်ဆိုတာ သက်သေပြပါလိမ့်မယ်။” လို့ အိုဝင်က မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာတော့ ဆန်ချိုကို ပီအက်စ်ဂျီအသင်းက ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။