MySport Myanmar

ဒဏ်ရာ ပြသာနာကြောင့် အသင်းရဲ့ ပွဲစဉ်(၈)ပွဲထိ လွဲချော်ရဦးမယ့် ဒမ်ဘီလီ

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီဟာ သူရဲ့ ဒဏ်ရာပြသာနာကြောင့် လာမယ့် မတ်လ(၁၉)ရက်နေ့ နူးကမ့်မှာ ကျင်းပမယ့် အယ်လ်ကလပ်စီကိုဒါဘီ လာလီဂါပွဲမှသာ ဘာစီလ်ိုနာအတွက် ပြန်လည် ကစားပေးနိုင်တော့မှာဖြစ်ပြီး ကြားထဲက ပွဲစဉ်တွေကိုတော့ ဆက်တိုက် လွဲချော်ရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Goal

ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဒမ်ဘီလီဟာ ဒီနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၂၈)ပွဲကစား (၈)ဂိုးသွင်းပြီး (၇)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒီလို ပုံစံကောင်းမျိုး ပြသနေပေမယ့်လည်း အသက်(၂၅)နှစ်အရွယ် ကစားသမားက သူရဲ့ ထုံးစံအတိုင်း ဒဏ်ရာတွေ မကြာခဏ လုံးပန်းနေရပြီး အခုလည်း ဇန်နဝါရီလနှောင်းပိုင်းက ဟီရိုနာအသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်အတွင်း တံကောက်ကြောဒဏ်ရာ ရသွားခဲ့တာကြောင့် မတ်လလယ်လောက်အထိ ထပ်မံ အနားယူသွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : The Sun

စပိန်သတင်းစာ AS ရဲ့ဖော်ပြချက်တွေအရ ဒမ်ဘီလီဟာ အသင်း လေ့ကျင့်ရေးကွင်းဆီကို မပြန်လာခင် (၁၅)ရက်လောက်အလိုမှာပဲ ကာယကုထုံးတွေကို ဆက်လက် ခံယူသွားရမှာဖြစ်ပြီး လေ့ကျင့်ရေးကွင်းဆီ ပြန်ရောက်လာချိန်မှာလည်း ကြံခိုင်မှုအပြည့်နဲ့ ပြန်လာနိုင်ဖို့အတွက် နောက်ထပ် (၁၅)ရက်လောက်အထိ ဆက်လက် ကြိုးပမ်းရဦးမှာ ဖြစ်ပါတယ်။ ဒမ်ဘီလီအနေနဲ့ လက်ရှိ ဒဏ်ရာအခြေအနေကြောင့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့ပွဲစဉ် နှစ်ကျော့စလုံးအပြင် ဘာနေဗျူးမှာ ကစားရမယ့် ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေကိုပါ လွဲချော်သွားရတော့မှာဖြစ်ပြီး နူးကမ့်ကွင်းမှာ ကစားရမယ့် အယ်လ်ကလက်စီကိုဒါဘီ လာလီဂါပွဲမှပဲ ပြန်လည် ကစားနိုင်မှာ ဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြ ဇာဗီဟာနန်ဒက်ဇ်ကတော့ ဒမ်ဘီလီ မပါဝင်နိုင်တာက အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်စေရတယ်လို့ မှတ်ချက်ပြုထားခဲ့ပါတယ်။ ၂၀၁၇ခုနှစ်ကတည်းက ဒေါ့မွန်ကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့လာခဲ့သူ ဒမ်ဘီလီဟာ လက်ရှိမှာတော့ အသင်းနဲ့ စာချုပ်သက်တမ်း (၁၈)လသာ ကျန်ရှိနေရတော့သလို ဒဏ်ရာတွေလည်း မကြာခဏ ရရှိနေရတယ် ဆိုပေမယ့် အသင်းကလည်း ဒမ်ဘီလီကို ဆက်ထိန်းထားချင်သလို ဒမ်ဘီလီကလည်း ဘာစီလိုနာနဲ့သာ လက်တွဲချင်နေတာကြောင့် မကြာခင်မှာပဲ စာချုပ်သက်တမ်းပါ တိုးမြှင့်ဖွယ် ရှိနေပါတယ်။

Exit mobile version