ဘာစီလိုနာအသင်းကို နည်းပြသစ်ရော်နယ်ကိုးမန်း ရောက်ရှိလာတဲ့အချိန်မှာ အသင်းနဲ့ အနာဂတ်မရေမရာ ဖြစ်လို့နေတဲ့ ပြင်သစ်တောင်ပံတိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီကို ကောလဟာလတွေ ထွက်နေတဲ့အတိုင်း အသင်းကနေ ရောင်းချသွားခြင်း မပြုလုပ်ပဲနဲ့ အသင်းမှာပဲ ပြန်လည်နေရာပေး သုံးစွဲလာဖို့ ပြင်ဆင်ခဲ့ပေမယ်လည်း ဒမ်ဘီလီကတော့ သူရဲ့မပြောင်းလဲနိုင်သေးတဲ့ အကျင့်ဆိုးအတိုင်း အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို နောက်ကျပြီးမှ ရောက်လာခဲ့တဲ့အတွက် နည်းပြကိုးမန်းရဲ့ ဒေါသထွက်မှုနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

အသက်(၂၃)နှစ်ရှိ ဒေါ့မွန်ကစားသမားဟောင်း ဒမ်ဘီလီဟာ ၂၀၁ရခုနှစ်တုန်းကမှ ဒေါ့မွန်ကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်(၁၃၆)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် မယ်မယ်ရရ ကစားပေးနိုင်ခြင်းမရှိပဲ ဒဏ်ရာပြသာနာပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရသလို သူရဲ့ကွင်းအပြင် စည်းကမ်းလိုက်နာမှု အားနည်းခြင်းတွေကြောင့်လည်း အသင်းရဲ့ဒဏ်ရိုက်မှုတွေနဲ့ မကြာခဏ ကြုံတွေ့ခဲ့ရသူဖြစ်ပါတယ်။ အခုလည်း Marca သတင်းစာရဲ့ ဖော်ပြချက်အရ ဒမ်ဘီလီဟာ တနင်းလာနေ့မနက် (၁၀)နာရီမှာ ပြုလုပ်သွားမယ့် လေ့ကျင့်ရေးအစီအစဉ် (၁၅)မိနစ်ထိ နောက်ကျပြီးမှ ရောက်လာခဲ့တဲ့အတွက် နည်းပြကိုးမန်းရဲ့ စိတ်ဆိုးဒေါသထွက်မှုနဲ့ ရင်ဆိုင်ရနိုင်ကာ ဒီအတိုင်းဆက်ဖြစ်နေမယ်ဆိုရင်တော့ အသင်းကနေ ရောင်းထုတ်ခံရဖွယ် ရှိလာနိုင်တယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

အခုလို လေ့ကျင့်ရေးအစီအစဉ်ဆီ နောက်ကျပြီးမှ ရောက်လာခဲ့တဲ့ ဒမ်ဘီလီဟာ ယခင်ကတည်းက ဒီလိုအမှုအကျင့်ဆိုးတွေကို လုပ်ဆောင်တတ်သူတစ်ယောက်ဖြစ်ပြီး ညည့်နက်ပိုင်းအချိန်ထိ ဂိမ်းအလွန်အကျွံ ကစားမှုတွေကြောင့် မနက်ပိုင်းတွေမှာ မထနိုင်တော့ပဲ လေ့ကျင့်ခန်းအစီအစဉ်တွေကို နောက်ကျခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြကိုးမန်းကလည်း အသင်းရဲ့တိုက်စစ်ပိုင်းအတွက် မက်ဆီ ကော်တင်ဟို ဖာတီနဲ့ ဂရစ်ဇ်မန်းတို့ကိုပဲ ဆက်တိုက်သုံးစွဲဖွယ် ရှိနေတဲ့အပြင် သူနဲ့ နယ်သာလန်လက်ရွေးစင်အသင်းမှာ တွဲဖက်ခဲ့ဖူးတဲ့ တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းကိုပါ ခေါ်ယူဖွယ် ရှိနေတာကြောင့် ဒမ်ဘီလီအနေနဲ့ အမှုအကျင့်ဆိုးတွေ စည်းကမ်းပိုင်းအားနည်းချက်တွေကို မပြင်ဆင်နိုင်ခဲ့ရင် အသင်းကနေ ရောင်းချခံရဖွယ် ရှိနေပါတယ်။ ဒမ်ဘီလီကို လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ပစ်မှတ်ထားလျက်ရှိနေပြီး တရားဝင်ကမ်းလှမ်းချက်တွေတော့ မရှိနေသေးဘူးလို့ ESPN သတင်းဌာနကနေ ဖော်ပြထားခဲ့ပါတယ်။