မနေ့ညက ကျင်းပသွားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ဒန်ဒေါ့ဖ်အသင်းတို့ရဲ့ ယူရိုပါလိဂ်အုပ်စုအဆင့် ပွဲစဉ်အတွင်းမှာ အိမ်ရှင်အာဆင်နယ်က လူငယ်ကစားသမား အရန်ကစားသမားလေးတွေနဲ့အတူ အိုင်ယာလန်ကလပ် ဒန်ဒေါ့ဖ်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီး ယူရိုပါလိဂ် အုပ်စု(၂)ပွဲဆက်တိုက် အနိုင်ရသွားခဲ့ပါတယ်။ ဒန်ဒေါ့ဖ်အသင်းအနေနဲ့ အာဆင်နယ်ကို ယှဉ်မကစားနိုင်ခဲ့ပဲ ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့် ထူးထူးခြားခြားပဲ တစ်ပွဲလုံးအတွင်းမှာ ပြစ်ဒဏ်ကျူးလွန်မှုကို တစ်ကြိမ်တစ်ခါလေးတောင် မကျူးလွန်ခဲ့တဲ့အတွက် ဒန်ဒေါ့ဖ်နည်းပြက ဂုဏ်ယူလို့နေပါတယ်။

Photo Credit : Daily Mail

အိုင်ယာလန် ဘောလုံးကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဒန်ဒေါ့ဖ်အသင်းဟာ အာဆင်နယ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွင်းမှာ Foul တစ်ကြိမ်မှ မကျူးလွန်ခဲ့တဲ့အတွက် ယူရိုပါလိဂ်ပြိုင်ပွဲသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ပွဲစဉ်တစ်ပွဲအတွင်းမှာ Fouls တစ်ကြိမ်မှ မကျူးလွန်ခဲ့တဲ့ ပထမဆုံးသော ကလပ်အသင်းအဖြစ်နဲ့ပါ စံချိန်သစ်ရရှိသွားခဲ့ရပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းကတော့ ဒီပွဲအတွင်းမှာ ဒန်ဒေါ့ဖ်အသင်းဘက်ကို အကြိမ်(၂၀)အထိ ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီး ဒန်ဒေါ့ဖ်ကလည်း ဖရီးကစ်အကြိမ်ပေါင်းများစွာ ကန်ခွင့်ရခဲ့ရပါတယ်။

Photo Credit : Daily Mail

အခုလို Foul လုံးဝမရှိအောင် ကစားနိုင်ခဲ့တာနဲ့ပတ်သက်ပြီး ဒန်ဒေါ့ဖ်အသင်းနည်းပြ ဂျီအိုဗက်ဂနိုလီက “ကျွန်တော်တို့အသင်းက အရမ်းကို ယဉ်ကျေးသိမ်မွေ့စွာနဲ့ကို ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းသားတွေအားလုံးက လူကြီးလူကောင်းဆန်ဆန်ပဲ ယှဉ်ပြိုင်သွားခဲ့တယ်။ သူတို့တွေအနေနဲ့ အကောင်းဆုံးကြိုးစားကစားခဲ့တယ်။ အကောင်းဆုံးလည်း ယှဉ်ကစားနိုင်ခဲ့တယ်။ ဒါပေမယ့် ပြိုင်ဘက်အသင်းကို ရပ်တန့်ဖို့အတွက် ဥပဒေပလုပ်ရက်တွေကို ဘာတစ်ခုမှ မလုပ်ဆောင်ခဲ့ဘူး” လို့ ဂုဏ်ယူစွာနဲ့ ပြောဆိုသွားခဲ့ပါတယ်။ ဒန်ဒေါ့ဖ်လ်အသင်းဟာ အခုလို Fouls ကင်းစွာကစားနိုင်ခဲ့ပေမယ့်လည်း ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ အခြေအနေသိပ်မကောင်းလှပဲ မိုလ်ဒီ အာဆင်နယ်အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်(၂)ပွဲလုံးမှာ အရေးနိမ့်ထားခဲ့ရပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းကတော့ ရက်ပစ်ဝီအန်ကိုရော ဒန်ဒေါ့ဖ်အသင်းကိုပါ အနိုင်ရထားခဲ့ပြီး လက်ရှိမှာ အုပ်စုဗိုလ်ဖြစ်နေကာ နောက်တစ်ဆင့်ကို သက်တောင့်သက်သာနဲ့ တတ်လှမ်းသွားဖွယ် ရှိနေပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာတော့ (၆)ပွဲကစား (၃)ပွဲအထိ ရှံးနိမ့်ထားခဲ့ပြီး အခုတစ်ပတ်မှာလည်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပွဲကျပ်ရင်ဆိုင်ကစားရမှာဖြစ်လို့ ရလဒ်ကောင်းရယူဖို့အတွက် ရုန်းကန်ရဖွယ် ရှိနေပါတယ်။