ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနှစ်နွေစျေးကွက်အတွင်းမှာ ကစားသမားသစ်တွေကို ခေါ်ယူနိုင်ခြင်းမရှိပဲ အသင်းက ကစားသမားတွေကိုသာ အပြီးသတ်ရောင်းချခြင်း အငှားချခြင်းတွေကိုပဲ ပြုလုပ်နေတဲ့အတွက် အသင်းပရိသတ်တွေကနေ အသင်းရဲ့အလားအလာအပေါ် စိတ်ပူပန်နေရပေမယ့် အသင်းရဲ့အဓိက ကစားသမားကြီးဖြစ်တဲ့ အသင်းခေါင်းဆောင် နောက်ခံလူ ဆာဂျီယိုရာမို့စ်ကတော့ ကစားသမားသစ်တွေကို မခေါ်ယူနိုင်ဖြစ်ရင်လည်း ဝမ်းနည်းနေစရာ မလိုအပ်ဘူးလို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : NDTV Sports

ရီးရဲလ်အသင်းဟာ ပြီးခဲ့တဲ့ လအနည်းငယ်လောက်ကတည်းက သူတို့ရဲ့ဘာနေဗျူးကွင်းကို ပြင်ဆင်နေတဲ့အတွက် ကုန်ကျစရိတ်တွေ များစွာရှိနေတဲ့အပြင် ကိုဗစ်ဂယက်ကြောင့်လည်း အသင်းရဲ့စီးပွားရေးထိခိုက်ထားတဲ့အတွက် ကစားသမားသစ်ခေါ်ယူခြင်းထက် အသင်းရဲ့ရှိရင်းစွဲ ကစားသမားတွေ အငှားကနေ ပြန်ရောက်လာတဲ့ ကစားသမားတွေနဲ့ အကယ်ဒမီထွက် လူငယ်လေးတွေနဲ့ပဲ အသုံးပြုနေရပါတယ်။ ရီးရဲလ်ဟာ လက်ရှိမှာ လာလီဂါပွဲစဉ်(၂)ပွဲ ကစားထားခဲ့ပြီး (၁)ပွဲနိုင် (၁)ပွဲသရေကျထားခဲ့ကာ အသင်းရဲ့ကစားဟန်ကတော့ (၂)ပွဲလုံးမှာ လုံးဝကို အားရစရာမရှိသေးပါဘူး။

Photo Credit : Football Ace

အသင်းရဲ့Form က အားရစရာအနေအထားကို မရောက်သေးပေမယ့်လည်း ကစားသမားသစ်တွေကို အားမဖြည့်နိုင်သေးတဲ့အပေါ်မှာ စိတ်ပျက်ဝမ်းနည်းနေစရာတော့ မလိုအပ်ဘူးလို့ ဝါရင့်နောက်ခံကစားသမားကြီး ရာမို့စ်ဘက်ကနေ ပြောဆိုလာခဲ့ပါတယ်။ ရာမို့စ်က “အခုလို ကစားသမားသစ်တွေ မခေါ်ယူထားနိုင်ခဲ့တာက ကျွန်တော်တို့အသင်းအတွက် ဝမ်းနည်းစရာ စိတ်ခံစားချက်မျိုး ဖြစ်မနေပါဘူး။ ဒီနေရာမှာ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်နေတဲ့ ကျွန်တော်တို့ရဲ့မျက်နှာတွေကို ထပ်ပြီးမြင်တွေ့ရဦးမှာဆိုပေမယ့် ငါတို့ရဲ့အသက်သွေးကြောတွေက ကစားသမားသစ်တစ်ယောက် ဒါမှမဟုတ် ကစားသမားသစ်များစွာ ခေါ်ယူနိုင်မှုအပေါ်မှာ မူတည်မနေပါဘူး”လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ လက်ရှိမှာ အငှားကနေ ပြန်လည်ရောက်လာတဲ့ ကစားသမားတွေဖြစ်တဲ့ အိုဒီဂွာ မာရိုရယ်တို့ကို အသင်းအတွက် ပြန်လည်အသုံးပြုမှုတွေ ရှိနေပေမယ့် ဂါရတ်ဘေးလ် ဂျိမ်းစ်ရိုဒရီဂွက်ဇ် ဟာခီမီ ရယ်ဂီလွန် အော်စကာရိုဒရီဂွက်ဇ် ဘရာဟင်ဒီယက်ဇ်တို့လို ကစားသမားကောင်းတွေကိုတော့ အသင်းနဲ့ လမ်းခွဲထားခဲ့တာကြောင့် အသင်းပရိသတ်တွေက ကစားသမားသစ်အနည်းငယ်ကို ပြန်လည်ခေါ်ယူစေချင်နေတာဖြစ်ပါတယ်။