MySport Myanmar

AFC ချန်ပီယံလိဂ်ဖလားကို အရ ယူမယ်လို့ အယ်လ်နာဆာနည်းပြ ကြုံးဝါး

နာမည်ကျော် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းရဲ့ နည်းပြဖြစ်သူ လူးဝစ် ကက်စထရိုက သူတို့အသင်းဟာ အခုဘောလုံးရာသီမှာ AFC ချန်ပီယံလိဂ်ဖလားကို အရယူဆောင်နိုင်ဖို့ ပစ်မှတ်ထားထားတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အယ်လ်နာဆာဟာ ဒီရာသီထဲ အမှတ်ပေး ချန်ပီယံဆုအတွက် ဇယားထိပ်က အယ်လ်ဟီလာနဲ့ (၇)မှတ်အထိ ကွာဟနေတာကြောင့် အမှတ်ပေးဆုအတွက်က မျှော်လင့်လို့ မလွယ်ပဲ King Cup နဲ့ AFC ချန်ပီယံလိဂ်တို့ကိုသာ ပိုမို အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Arabs News

ပြည်တွင်း ရှုံးထွက်ဖလားပြိုင်ပွဲဖြစ်တဲ့ King Cup မှာက ဆီမီးဖိုင်နယ်ထိ တက်လှမ်းထားနိုင်တဲ့ အယ်လ်နာဆာဟာ ဆီမီးမှာ အယ်လ်ဟီလာ အယ်လ်အစ်တီဟတ်တို့လို ပြိုင်ဘက်ကောင်းတွေနဲ့ ထိပ်တိုက် တွေ့ဆုံရဖွယ်လည်း ရှိနေပြီး လက်ရှိချန်ပီယံဖြစ်တဲ့ အယ်လ်ဟီလာကတော့ အခက်ခဲဆုံး ပြိုင်ဘက် ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် အယ်လ်နာဆာကတော့ (၇)နှစ်ကျော်ကြာမှ ပြန်လည် ယှဉ်ပြိုင်ခွင့် ရရှိထားတဲ့ AFC ချန်ပီယံလိဂ်ဖလားကိုသာ ပိုမို အာရုံစိုက်နေပြီး ဒီနေ့မှာလည်း ဆော်ဒီကလပ် အယ်လ်ဖေဟာနဲ့ AFC ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက် ဒုကျော့ပွဲစဉ်ကို ယှဉ်ပြိုင်သွားရဦးမှာလည်း ဖြစ်ပါတယ်။

Photo Credit : Al Nassr Zone

ပကျော့ အဝေးကွင်းပွဲစဉ်မှာ အယ်လ်နာဆာက အသင်းရဲ့ အဓိက ကစားသမား ခရစ္စတီယာနု ရော်နယ်လ်ဒိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရထားခဲ့ပြီး နောက်တစ်ဆင့် တက်လှမ်းဖို့ အခြေအနေကောင်းနေပေမယ့်လည်း အခု အိမ်ကွင်းမှာ ကစားမယ့်ပွဲစဉ်မှသာ သေချာတဲ့ အဖြေကို ရှာဖွေနိုင်လိမ့်မယ်လို့ အယ်လ်နာဆာ နည်းပြ ကက်စထရိုက ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် နည်းပြ ကက်စထရိုက သူတို့အသင်းဟာ AFC ချန်ပီယံလိဂ်ဖလားကို အရ ယူဆောင်သွားဖို့ အဓိက ပစ်မှတ်ထားနေတာဖြစ်ပြီး အယ်လ်နာဆာ အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုကလည်း အယ်လ်နာဆာနဲ့အတူ AFC ချန်ပီယံလိဂ်ဖလားကို ရယူသွားနိုင်ဖို့ ပစ်မှတ်ထားလျက် ရှိနေပါတယ်။

Exit mobile version