နယူးကာဆယ်ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့ရတဲ့ အက်ဒီဟောင်းက သူ့အနေနဲ့ အသင်းကို ပရီးမီးယားလိဂ်မှာ ရှင်သန်အောင် လုပ်ဆောင်သွားမှာဖြစ်ပေမယ့် အသင်းကို တန်းမဆင်းရစေဘူးဆိုတဲ့ ကတိမျိုးတော့ မပေးနိုင်ဘူးလို့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့သလို ပရီးမီးယားလိဂ်က ကလပ်အသင်းများစွာကလည်း ဆော်ဒီငွေကြေးတွေ စီးဆင်းနေတဲ့ နယူးကာဆယ်အသင်းကို ပြိုင်ပွဲအတွင်း ဆက်လက်မြင်တွေ့လိုစိတ် မရှိပဲ တန်းဆင်းသွားဖို့ကိုသာ လိုလားနေကြတယ်လို့ သိရပါတယ်။

Photo Credit : CNN

အင်္ဂလန်ဘောလုံးလောကရဲ့ ဘောလုံးသမား အပြောင်းအရွှေ့ကျွမ်းကျင်သူတစ်ဦးရဲ့ သုံးသပ်ချက်အရ ဆော်ဒီငွေကြေးတွေ စီးဆင်းလျက်ရှိနေတဲ့ နယူးကာဆယ်အသင်းကို ကျန်တဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ပြိုင်ပွဲကနေ တန်းဆင်းသွားချင်နေတာကြောင့် လာမယ့် ဆောင်းစျေးကွက်အတွင်းမှာပါ နယူးကာဆယ်အသင်းဆီကို သူတို့ရဲ့ ကစားသမားတွေ ရောင်းချခြင်း မပြုလုပ်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ နယူးကာဆယ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း နိုင်ပွဲတစ်ပွဲမှကို မရရှိထားတဲ့ တစ်သင်းတည်းသော ကလပ်အသင်းအဖြစ် အမှတ်ပေးဇယားရဲ့ အဆင့်(၁၉)နေရာထိကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

Photo Credit : Football365

ဒီလို အခြေအနေတွေကြောင့် နယူးကာဆယ်အသင်းဟာ ရာသီအကုန်မှာ တန်းဆင်းရနိုင်ခြေ အမြင့်ဆုံး အနေအထားမှာ ရှိနေတဲ့အတွက် အသင်းပိုင်ရှင်တွေက ဘုန်းမောက်နည်းပြဟောင်း အက်ဒီဟောင်းကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့သလို ဆောင်းစျေးကွက်ထဲမှာလည်း ပရီးမီးယားလိဂ် ကစားသမား အများအပြားကို ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆော်ဒီငွေကြေးများနဲ့ ကလပ်အသင်းကြီး တစ်သင်းပါ ဖြစ်လာဖွယ် ရှိနေတဲ့ နယူးကာဆယ်အသင်းကို ကျန်ပရီးမီးယားလိဂ် ကလပ်အသင်းတွေက မကျေနပ်တာကြောင့် လာမယ့်စျေးကွက်အတွင်း “Anyone but Newcastle” ဆိုတဲ့ အပြောင်းအရွှေ့ပေါ်လစီကို ကျင့်သုံးလာနိုင်ပြီး နယူးကာဆယ်ကလွဲပြီး ကျန်တဲ့ ကလပ်အသင်းတွေကိုသာ ကစားသမား ရောင်းချမှုကို ပြုလုပ်လာနိုင်တယ်လို့ အပြောင်းအရွှေ့ဂုရုတစ်ဦးက သုံးသပ်လို့ထားပါတယ်။ နယူးကာဆယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဗန်ဒယ်ဘိခ် ဘိုင်လီ မာစီယဲလ် လင်ဂတ်အပြင် ဘန်လေနောက်ခံလူ တာကောစကီး အပါအဝင် ပရီးမီးယားလိဂ်က နာမည်ရ ကစားသမား အများအပြားကို ခေါ်ယူသွားဖို့ စီစဉ်နေပေမယ့် အသင်းတွေကတော့ သူတို့အတွက် ဝင်ငွေရဖို့ထက် နယူးကာဆယ်ကို တန်းဆင်းဖို့သာ လိုလားတာကြောင့် ကစားသမား ရောင်းချခြင်း မပြုလုပ်ဖို့သာ ဆုံးဖြတ်ထားမှာ ဖြစ်ပါတယ်။