အီတလီ စီးရီးအေရဲ့ လက်ရှိချန်ပီယံ နာပိုလီက သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို ကာလရှည် စာချုပ်သစ် တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

နာပိုလီက အသက် ၂၄နှစ် အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို ၂၀၂၀ခုနှစ်မှာ လိုင်လီကနေ ပြောင်းရွှေ့ကြေး ယူရို ၇၅သန်းနဲ့ ခေါ်ယူထားတာ ဖြစ်ပြီး အိုဆီမန်ရဲ့ လက်ရှိစာချုပ်က ၂၀၂၅ခုနှစ်မှာ သက်တမ်း ကုန်ဆုံးမှာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အိုဆီမန်က လိုင်လီကနေ နာပိုလီဆီ ရောက်ရှိပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး သူက နာပိုလီအတွက် ၃နှစ်ကျော် ကာလအတွင်းမှာ ပြိုင်ပွဲစုံ ၁၁၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆၆ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၆ကြိမ် ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း အိုဆီမန်က နာပိုလီရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ကာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ စကူဒက်တိုဆုဖလားကို အသင်းအတွက် ရယူပေးနိုင်ခဲ့ပြီး စီးရီးအေ ချန်ပီယံ ဖြစ်ပြီးနောက် နာပိုလီရဲ့ ပရိသတ်တွေက အိုဆီမန်ကို အသင်းရဲ့ သူရဲကောင်း အဖြစ် သတ်မှတ်ကာ ဂုဏ်ပြုခဲ့ကြပါသေးတယ်။

Photo Credit: Sky Sports

သူ့ရဲ့ ဂိုးသွင်းစွမ်းရည်နဲ့ ဦးဆောင်နိုင်စွမ်းတွေကြောင့်ပဲ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီး အပါအဝင် ဥရောပ ထိပ်သီးအသင်းတွေက အိုဆီမန်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပြီး နာပိုလီကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး အိုဆီမန်ကို လက်မလွှတ်ရဖို့ အတွက် စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေတာ အတော်လေးကို ကြာနေပါပြီ။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ နာပိုလီက အိုဆီမန်ကို ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်သစ် တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပြီး မကြာခင်မှာပဲ နာပိုလီဟာ အိုဆီမန်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ကြောင်းအား တရားဝင် ထုတ်ပြန် ကြေညာမယ်လို့ သိရပါတယ်။

နာပိုလီက အိုဆီမန်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပေမယ့် အိုဆီမန်ရဲ့ စာချုပ်သစ်မှာ စာချုပ်ဖျက်သိမ်းကြေး ပါဝင်လာမှာ ဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၁၃၀သန်း ဝန်းကျင် တန်ကြေး ရှိကြောင်းလည်း ရိုမာနိုက ဆိုပါတယ်။