နိုင်ဂျီးရီးယား ကြယ်ပွင့် တိုက်စစ်မှူး အိုဆီမန်ရဲ့ သူငယ်ချင်းလည်းဖြစ် ၊ ဂျာနယ်လစ် တဦးလည်း ဖြစ်တဲ့ အိုမာ အက်ကာတပ်ဘာက အိုဆီမန်ဟာ နာပိုလီရဲ့ လှောင်ပြောင်မှုတွေကို သည်းမခံနိုင်တော့တာကြောင့် မကြာခင်မှာပဲ နာပိုလီကနေ ထွက်ခွာတော့မယ်လို့ ထုတ်ဖော် ပြောဆိုလာပါတယ်။

အသက် ၂၄နှစ် အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး အိုဆီမန်က ၂၀၂၀ခုနှစ်မှာ လိုင်လီကနေ နာပိုလီဆီ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက နာပိုလီရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူပါ။

Photo Credit: Football Italia

အိုဆီမန်က ၃ရာသီ အတွင်းမှာ နာပိုလီအတွက် ၁၀၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆၃ဂိုး အထိ သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၁၅ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူက ပြီးခဲ့တဲ့ရာသီမှာလည်း နာပိုလီကို စီးရီးအေရဲ့ ချန်ပီယံ ဖြစ်အောင် အကောင်းဆုံး ကူညီပေးနိုင်ခဲ့ပါတယ်။

အိုဆီမန်က နာပိုလီရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားနေပေမယ့် နာပိုလီရဲ့ တာဝန်ရှိသူ တချို့က သူ့ကို အခုချိန်အထိ အမြင်မကြည်ကြသလို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း နာပိုလီရဲ့ တရားဝင် TikTokအကောင့်မှာ အိုဆီမန် တယောက် ပင်နယ်တီ လွဲချော်မှုကို လှောင်ပြောင်ထားတဲ့ ဗွီဒီယို တပုဒ်ကို တင်ခဲ့ပါတယ်။

 

Photo Credit: Standard

နာပိုလီက အဆိုပါဗွီဒီယိုကို နာရီပိုင်းအတွင်း ပြန်ဖျက်သွားခဲ့ပေမယ့် ဘောလုံးပရိသတ် အများစုနဲ့ အိုဆီမန် ကိုယ်တိုင်က အဆိုပါ ဗွီဒီယိုကို ကြည့်ရှုမိခဲ့ကြပြီး အိုဆီမန် ၊ သူ့ရဲ့ မိသားစုဝင်တွေ ၊ မိတ်ဆွေတွေနဲ့ အေးဂျင့်အဖွဲ့က အဆိုပါ ဗွီဒီယိုကို တင်ခဲ့တဲ့ နာပိုလီကို အတော်လေး ဒေါသထွက်နေကြပါတယ်။

အိုဆီမန်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေထဲက တဦး ဖြစ်သူ အက်ကာတပ်ဘာက အိုဆီမန်ဟာ နာပိုလီကို အတော်လေး စိတ်ပျက်သွားပြီ ဖြစ်သလို မကြာခင်မှာပဲ နာပိုလီကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်ကြောင်း ဆိုလာပါတယ်။ အက်ကာတပ်ဘာက – “ကိုယ့်ရဲ့ အသင်းက ကိုယ် ပင်နယ်တီ လွဲခဲ့တာကို လှောင်ပြောင်ခဲ့တဲ့ ဖြစ်ရပ်ဟာ အတော်လေး မယုံကြည်နိုင်စရာ ကောင်းတဲ့ ဖြစ်ရပ်တခုပါ။ နာပိုလီရဲ့ တာဝန်ရှိသူတွေက လူမျိုးရေးခွဲခြားချင်လို့ ဒီလို ဗွီဒီယို တင်တာ မဟုတ်ဘူးလို့ ယုံကြည်ပေမယ့် ဒီလုပ်ရပ်ကလည်း လက်သင့်ခံလို့ မရတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီဗွီဒီယိုတင်ခဲ့တဲ့ အကျိုးဆက်ကြောင့် အိုဆီမန်က နာပိုလီနဲ့ စာချုပ်သစ် ထပ်ချုပ်တော့မှာ မဟုတ်သလို မကြာခင်မှာ အသင်းပြောင်းဖို့ ဆုံးဖြတ်လိုက်ပါပြီ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။