နာပိုလီအသင်းရဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ဟာ နာပိုလီကနေ ထွက်ခွာပြီး အသင်းပြောင်းဖြစ်မယ်ဆိုရင် ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲကမှ ချယ်လ်ဆီးကိုပဲ ရွေးချယ်လိမ့်မယ်လို့ ချယ်လ်ဆီး ကစားသမားဟောင်း မီခေးလ်က ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် (၂၅)နှစ်အရွယ် တိုက်စစ်မှူး အိုဆီမန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက နာပိုလီနဲ့အတူ အတော်လေး တောက်ပခဲ့ပြီး တစ်ရာသီထဲ ပြိုင်ပွဲစုံ (၃၁)ဂိုးအထိ သွင်းယူကာ စီးရီးအေ ချန်ပီယံဆုအပြင် စီးရီးအေရဲ့ ဂိုးသွင်းအများဆုံးဆု ၊ အကောင်းဆုံး ကစားသမားဆုတို့ပါ ဆွတ်ခူးခဲ့ပါတယ်။

Photo Credit : Arsenal Insider

ဒါ့အပြင် ဒီလို စွမ်းဆောင်မှုတွေကြောင့် အိုဆီမန်က တစ်နှစ်တာ အာဖရိက အကောင်းဆုံး ကစားသမားဆုပါ ဆွတ်ခူးခဲ့သေးရာ ဒီလို အရည်အသွေးမြင့် တိုက်စစ်မှူးကို ဒီနွေမှာကတည်းက ဥရောပ ကလပ်အသင်းပေါင်းစုံ အပြိုင်အဆိုင် စိတ်ဝင်စားလာကြပါတယ်။ အဲ့ဒီထဲမှာ ချယ်လ်ဆီးအသင်းလည်း ပါဝင်နေပါတယ်။

ချယ်လ်ဆီးအသင်းက ဒီနွေမှာ အသင်းတိုက်စစ်အတွက် နီကိုလပ်စ် ဂျက်ဆင် ၊ ကိုး ပါလ်မာနဲ့ ခရစ္စတိုဖာ အန်ကွန်ကူတို့ကို ဖြည့်တင်းထားပေမယ့် ပါလ်မာ တစ်ဦးတည်းကသာ အသင်းတိုက်စစ်မှာ ပိုမို အားထားနေရပြီး ဂျက်ဆင်က ခြေစွမ်း တသမတ်တည်းမှာ မရှိတဲ့အပြင် အန်ကွန်ကူကလည်း ဒဏ်ရာတွေနဲ့ မကြာခဏ လုံးပန်းနေရပါတယ်။

Photo Credit : Football365

ဒါကြောင့် ချယ်လ်ဆီးက လာမယ့်နွေမှာ အိုဆီမန်ကို ဦးစားပေး ခေါ်ယူဖို့ သေချာပေါက် ချိန်ရွယ်ထားပြီး လတ်တလောမှာလည်း အမ်ဘာပေကို သေချာပေါက် လက်လွတ်ရတော့မယ့် ပီအက်စ်ဂျီကလည်း ချယ်လ်ဆီးနဲ့အပြိုင် အိုဆီမန်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားလာခဲ့ပါတယ်။

ဒီအခြေအနေမှာ အိုဆီမန်အနေနဲ့ အသင်းပြောင်းဖို့ စဉ်းစားလာခဲ့မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်ဆီကိုသာ ပြောင်းရွှေ့ချင်မှာ ဖြစ်သလို ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲကမှ ချယ်လ်ဆီးအသင်းကိုပဲ ရွေးချယ်သွားလိမ့်မယ်လို့ အိုဆီမန်ရဲ့ နိုင်ဂျီးရီးယား စီနီယာ မီခေးလ်က အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။