MySport Myanmar

နာပိုလီမှာသာ ဆက်ရှိနေချင်တယ်လို့ ဖွင့်ဟလာခဲ့တဲ့ မန်ယူပစ်မှတ် အိုဆင်မန်

ဒီရာသီမှာ နာပိုလီအသင်းအတွက် အတော်လေးကို ခြေစွမ်းပြသနေတဲ့ နိုင်ဂျီးရီးယား တိုက်စစ်ကစားသမား ဗစ်တာအိုဆင်မန်ကို ထိပ်တန်း ကလပ်အသင်းများစွာ စိတ်ဝင်စားလျက် ရှိနေပြီး အဲ့ဒီထဲကမှ မန်ချက်စတာယူနိုက်တက်အသင်းက အိုဆင်မန်ကို စိတ်ဝင်စားဆုံး ဖြစ်နေသလို လာမဲ့ နွေမှာပါ အသင်းဆီ အရ ခေါ်ယူသွားဖို့အထိ ပစ်မှတ်ထားနေပါတယ်။

Photo Credit : SportMob

အသက်(၂၄)နှစ်အရွယ်ရှိ နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး အိုဆင်မန်ဟာ ဒီရာသီအတွင်း နာပိုလီအတွက် အကောင်းဆုံး တောက်ပထားပြီး ပြိုင်ပွဲစုံ (၂၃)ပွဲ ကစားထားရင်း (၁၉)ဂိုး သွင်းယူထားကာ (၄)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ စီးရီးအေမှာလည်း (၁၈)ဂိုး သွင်းယူထားပြီး စီးရီးအေရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသူ အိုဆင်မန်ဟာ မကြာသေးခင်ကမှ ကစားသမားဘဝအတွင်း ဂိုး(၁၀၀) ပြည့်မြောက်ထားသူလည်းဖြစ်ပြီး သူ့ကိုလည်း မန်ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့က ပစ်မှတ်ထားနေသလို နာပိုလီဘက်ကတော့ သူတို့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်(၁၀၇)သန်းအထိ သတ်မှတ်ထားပါတယ်။

Photo Credit : Manchester Evening News

သူရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး အိုဆင်မန်က “ခြေစွမ်းတွေပြနေတဲ့ အခါမျိုးမှာ ကမ္ဘာတစ်ဝန်းက ထိပ်တန်း ကလပ်အသင်းတွေ အထူးသဖြင့် ထိပ်တန်းလိဂ် (၅)ခုက အသင်းအများစုက စောင့်ကြည့်နေကြပါမယ်။ အဲ့ဒီအသင်းတွေက ရရှိလာတဲ့ စိတ်ဝင်စားမှုတွေဟာ ကျွန်တော့်အတွက် တွန်းအား ဖြစ်စေခဲ့ပြီး ကျွန်တော့်အသင်းအတွက် ပိုမို လုပ်ဆောင်နိုင်ဖို့ကိုလည်း အားဖြစ်စေပါတယ်။ ဒါပေမဲ့ ကျွန်တော် အခု နာပိုလီအတွက်သာ အာရုံစိုက်နေပြီး ကျွန်တော့် အသင်းကို နိုင်ပွဲတွေ ရယူကာ ဆုဖလားတွေ ရရှိအောင် ကူညီပေးချင်ပါတယ်။ ရာသီအကုန်မှာတော့ ဘာတွေ ဖြစ်မလာလဲဆိုတာကို ကျွန်တော်တို့ မြင်တွေ့ရမှာပါ။ ဒါပေမဲ့ ဒါက ကျွန်တော်အပေါ် မမူတည်ပါဘူး။ ကလပ်အသင်းကပဲ ဆုံးဖြတ်ရမှာပါ” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

မန်ယူနိုက်တက်အနေနဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ဟာရီကိန်း အိုဆင်မန်တို့ကို ပစ်မှတ်ထားလျက် ရှိနေတယ်ဆိုပေမဲ့ ဒီနှစ်ယောက်လုံးက ခေါ်ယူဖို့ ခက်ခဲနိုင်တာဖြစ်လို့ ဘင်ဖီကာ တိုက်စစ်မှူး ဂွန်ဆာလိုရာမို့စ်ကိုပါ ချိန်ရွယ်ထားသလို ဗက်ဟို့စ်ကိုလည်း အပြီးသတ် ခေါ်ယူသွားဖွယ်လည်း ရှိနေပါတယ်။

Exit mobile version