ချယ်လ်ဆီး နဲ့ အာဆင်နယ်တို့လို လန်ဒန် အခြေစိုက် ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ဗစ်တာ အိုဆီမန်က တစ်နေ့နေ့မှာ ပရီးမီးယားလိဂ်မှာ သေချာပေါက် လာရောက် ကစားဖို့ ဆုံးဖြတ်ထားတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

နာပိုလီအသင်းနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီက အလွန် တောက်ပခဲ့တဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူး အိုဆီမန်ဟာ နာပိုလီကို နှစ်ပေါင်း (၃၀)ကြာ ဝေးကွာနေတဲ့ စကူဒက်တို အမှတ်ပေးဖလားကြီးကို ရယူပေးနိုင်ခဲ့သလို သူကိုယ်တိုင်ကလည်း စီးရီးအေ အကောင်းဆုံးဆုနဲ့ ဂိုးသွင်းအများဆုံးဆုတွေကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit : Football365

ဒီလို စွမ်းဆောင်ရည်တွေကြောင့် အိုဆီမန်ကို ဥရောပ ထိပ်သီး ကလပ်အသင်းတွေနဲ့ ဆော်ဒီကလပ်အသင်းတွေကပါ အပြိုင်အဆိုင် စိတ်ဝင်စားလာခဲ့ပြီး ဒီအခြေအနေမှာ နာပိုလီဘက်က အိုဆီမန်ကို ၂၀၂၆ခုနှစ်အထိ သက်တမ်းတိုးလိုက်ကာ စာချုပ်ဖျက်သိမ်းကြေးကိုလည်း ယူရို သန်း(၁၃၀)အထိပါ သတ်မှတ်လိုက်ပါတယ်။

အသက် (၂၅)နှစ်အရွယ် တိုက်စစ်မှူး အိုဆီမန်ကို လက်ရှိမှာ ချယ်လ်ဆီးအသင်းက အဓိက ပစ်မှတ်ထားလို့နေပြီး အိုဆီမန် ကိုယ်တိုင်ကပါ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ပါ သတင်းထွက်နေတဲ့အပြင် ပရီးမီးယားလိဂ်မှာ လာရောက် ကစားဖို့ စိတ်ကူးထားတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

Photo Credit : Football Transfer

“တစ်နေ့နေ့မှာတော့ ကျွန်တော်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လာရောက် ကစားဖို့က သေချာပါတယ်။ အသေအချာပါပဲ။ ဒါပေမယ့် လက်ရှိမှာတော့ ကျွန်တော်က ကျွန်တော့် ကစားသမားဘဝအတွက် တခြား အစီအစဉ် ရှိနေပါပြီ။ အချိန်တန်ရင်တော့ အားလုံးသိလာရမှာပါ။” လို့ အိုဆီမန်က အသိပေးသွားခဲ့ပါတယ်။

ဒီစကားကြောင့် အိုဆီမန်ကို အလိုရှိနေတဲ့ ချယ်လ်ဆီး အာဆင်နယ်တို့အတွက် သတင်းကောင်းတစ်ခု ဖြစ်လာနိုင်ပြီး လာမယ့်နွေမှာပဲ အိုဆီမန်အတွက် အပြိုင်အဆိုင် ကြိုးပမ်းမှုတွေ ရှိလာနိုင်ပါတယ်။ ဒါ့အပြင် ရီးယဲလ်မက်ဒရစ်ကလည်း ကီလီယန် အမ်ဘာပေကို မခေါ်ယူနိုင်ရင် အိုဆီမန်ကို plan b အနေနဲ့ ကြိုးပမ်းလာနိုင်ပါတယ်။