MySport Myanmar

နာပိုလီအသင်းကို တရားစွဲဆိုသွားဖွယ် ရှိနေတဲ့ ဗစ်တာ အိုဆင်မန်

နာပိုလီအသင်းရဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆင်မန်က သူ့ကလပ်အသင်း နာပိုလီကို ပြန်လည် တရားစွဲဆိုသွားဖို့ ရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နာပိုလီအသင်းရဲ့ တရားဝင် TikTok စာမျက်နှာပေါ်ကနေ သူ့ကို လှောင်ပြောင်ထားတဲ့ ဗီဒီယိုတစ်ခုကို တင်ထားခဲ့တာကြောင့် အိုဆင်မန်ဘက်က တရားဥပဒေအရ အရေးယူသွားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

နာပိုလီအသင်း နဲ့ ဘိုလော့ဂ်နာအသင်းတို့ ပြီးခဲ့တဲ့ weekend က ယှဉ်ပြိုင်ခဲ့ကြတဲ့ စီးရီးအေပွဲစဉ်အတွင်း ဂိုးမရှိသရေ ဖြစ်ခဲ့ရပေမယ့် ပွဲအတွင်းမှာ ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့သေးပြီး ဒီပင်နယ်တီကို နာပိုလီရဲ့ အဓိက တိုက်စစ်မှူး အိုဆင်မန်က ကန်သွင်းရာ လွဲချော်သွားခဲ့လို့ နာပိုလီအသင်းအတွက် နစ်နာခဲ့ရပါတယ်။

Photo Credit : BBC

နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး အိုဆင်မန်ဟာ နာပိုလီအသင်းရဲ့ အရေးအပါဆုံး ကစားသမားတစ်ဦးဖြစ်ပြီး အသင်းကိုလည်း အနှစ် (၃၀)လောက် ဝေးကွာနေတဲ့ စီးရီးအေ ချန်ပီယံဆု ရယူပေးထားနိုင်သူလည်း ဖြစ်ပါတယ်။

ဒီလို ကစားသမားမျိုးကို ပြီးခဲ့တဲ့ နွေတုန်းက ကလပ်အသင်းများစွာ ချိတ်ဆက်ခဲ့ပေမယ့်လည်း နာပိုလီက ရောင်းချခဲ့ခြင်း မရှိသလို အိုဆင်မန်ကလည်း နာပိုလီအသင်းမှာပဲ ဆက်လက် ရှိနေခဲ့ပါတယ်။

Photo Credit : SPORTbible

ဒါပေမယ့် နာပိုလီဘက်က သူတို့ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ အိုဆင်မန်ကိုမှ အခုလို လှောင်ပြောင် သရော်တဲ့ အနေနဲ့ ပင်နယ်တီ မဝင်တဲ့ ဗီဒီယိုကို TikTok ပေါ်တင်ပြီး ပြန်ဖျက်လိုက်တဲ့ လုပ်ရပ်အပေါ် အိုဆင်မန်ရော သူ့အေးဂျင့်ဖြစ်သူကပါ လက်မခံနိုင်တာကြောင့် တရားစွဲဖို့ ပြင်နေကြပါပြီ။

ဒါ့အပြင် အိုဆင်မန် အသုံးပြုနေတဲ့ သူရဲ့ တရားဝင် အင်စတာဂရမ်မှာလည်း နာပိုလီအသင်းနဲ့ ဓါတ်ပုံတွေအားလုံးကို ဖျက်ထားပါသေးတယ်။ ဒီလို အခြေအနေတွေကြောင့် နာပိုလီ နဲ့ အိုဆင်မန်တို့ရဲ့ကြား ဆက်ဆံရေး အတင်းမာဆုံး အနေအထားအထိ ရောက်ရှိလာနိုင်ပြီး အိုဆင်မန်အနေနဲ့ နာပိုလီကိုပါ စွန့်ခွာသွားဖွယ်လည်း ရှိနိုင်ပါတယ်။

Exit mobile version