လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ စိတ်ဝင်စားစရာကောင်းတဲ့ ကစားသမားချင်း တိုက်ရိုက် အလဲအထပ် အပြောင်းအရွှေ့တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိနေပြီး ဒီအပြောင်းအရွှေ့ကတော့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်နဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရက်စ်မတ် ဟွိုင်လန်းတို့ရဲ့ swap deal တို့ပဲ ဖြစ်ပါတယ်။
နာပိုလီရဲ့ နိုင်ဂျီးရီးယား တိုက်စစ်ကစားသမား အိုဆီမန်ဟာ ဥရောပ ထိပ်သီး ကလပ်အသင်းတွေ နှစ်သက်ကြတဲ့ ကစားသမား ဖြစ်ပေမယ့် နာပိုလီအသင်းမှာ အဆင်မပြေမှုတွေ ရှိခဲ့ရာကနေ တူရကီ ထိပ်သီးကလပ် ဂါလာတာစာရေးအသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။
Photo Credit : Goal
အိုဆီမန်နဲ့ ဂါလာလာစာရေးအသင်းတို့ အငှားသက်တမ်း ပြည့်သွားချိန်မှာ အိုဆီမန်က နာပိုလီဆီကို ပြန်သွားရမှာ ဖြစ်ပေမယ့် နွေဈေးကွက်မှာပဲ အိုဆီမန်နဲ့ နာပိုလီတို့က အပြီးတိုင် လက်တွဲဖြုတ်ကြဖို့ ရှိနေပြီး နာပိုလီကလည်း သူတို့ကစားသမားကို ခပ်မြန်မြန် ရောင်းထုတ်သွားချင်နေပါတယ်။
နာပိုလီက အိုဆီမန်ကို ရောင်းချပြီးတာနဲ့ သူ့နေရာမှာ အစားထိုးဖို့အတွက် စီးရီးအေ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အတ္တလန်တာ တိုက်စစ်မှူးဟောင်း ဟွိုင်လန်းကို ခေါ်ယူသွားချင်နေပြီး ဒိန်းမတ် တိုက်စစ်မှူး ဟွိုင်လန်းကလည်း လက်ရှိ ယူနိုက်တက်အသင်းမှာ အဆင်မပြေမှုတွေ ရှိနေသလို သူ့အနာဂတ် အခြေအနေကလည်း လှုပ်ခတ်လို့နေပါတယ်။
Photo Credit : TEAMtalk
ယူနိုက်တက်ကလည်း အသင်းမှာ ဂိုးပေါက်ပျောက်နေတဲ့ ဟွိုင်လန်းအပေါ် စိတ်ပျက်လို့နေပြီး နွေမှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူသွားဖို့ပါ စီစဉ်နေသလို ယူနိုက်တက် ပစ်မှတ်ထဲမှာလည်း နာပိုလီ တိုက်စစ်မှူး အိုဆီမန် ပါဝင်နေပါတယ်။ ဒီရက်ပိုင်းမှာဆိုရင် ယူနိုက်တက်နဲ့ အိုဆီမန်တို့ရဲ့ အပြောင်းအရွှေ့သတင်းတွေက ဆက်တိုက် ထွက်ပေါ်လျက်လည်း ရှိနေပါတယ်။
နာပိုလီဟာ ဆောင်းဈေးကွက်တုန်းက ယူနိုက်တက်ကနေ တောင်ပံကစားသမား ဂါနာချိုကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးသေးပြီး ကစားသမားနဲ့ သဘောတူညီမှု မရခဲ့လို့သာ အပြောင်းအရွှေ့က ရပ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါမေယ့် အခု အသင်းနှစ်သင်းရဲ့ကြားမှာတော့ တိုက်စစ်မှူးချင်း အလဲအထပ် လုပ်ဆောင်မယ့် swap deal အပြောင်းအရွှေ့က ဖြစ်လာနိုင်ဖို့ ရှိနေပြီး ဒီအတွက်လည်း ဆွေးနွေးမှုတွေကို မကြာခင်မှာ လုပ်ဆောင်ကြဖွယ် ရှိနိုင်ပါတယ်။