ချယ်လ်ဆီးအသင်းနဲ့ လက်တွဲဖြုတ်ခဲ့ပြီးတဲ့နောက်ပိုင်း အသင်းဆီကို ပြန်လာဖို့ ဆန္ဒရှိနေတဲ့ ကစားသမားတွေထဲမှာ အီဒင်ဟာဇက် ဝီလီယံတို့ ပါဝင်နေသလို နောက်ထပ်ကစားသမားတစ်ယောက်ပါ ထပ်တိုးလာခဲ့ရပါတယ်။ သူကတော့ ဘရာဇီးကွင်းလယ်ကစားသမား အော်စကာပါ။ တရုတ်စူပါလိဂ်ဆီကို ရောက်ရှိသွားခဲ့ရတဲ့ အော်စကာက တချိန်ချိန်မှာ သူရဲ့အသင်းဟောင်း ချယ်လ်ဆီးအသင်းဆီမှာ ပြန်လည်ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၉)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင်ဟောင်း အော်စကာဟာ ၂၀၁၂ခုနှစ်ကတည်းက ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ (၄)နှစ်ခွဲနီးပါးလောက် ပါဝင်ကစားခဲ့ပြီးမှ ၂၀၁ရခုနှစ်မှာပဲ တရုတ်ကလပ် ရှန်ဟိုင်းရှန်ဟွာ(ယခု ရှန်ဟိုင်းပေါ့တ်)အသင်းဆီကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ တရုတ်စူပါလိဂ်မှာ (၄)နှစ်နီးပါးလောက်အထိ ကျင်လည်ခဲ့တဲ့ အော်စကာဟာ သူရဲ့ဘောလုံးသမားဘဝကို အဆုံးမသတ်ခင်မှာပဲ သူရဲ့အသင်းဟောင်း ချယ်လ်ဆီးမှာ ပြန်လည်ပါဝင်ကစားနေကြောင်းနဲ့ အသင်းနဲ့ အောင်မြင်မှုတွေကို ပြန်လည်ရယူလိုကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

Goal ကနေ အော်စကာကို ဥရောပချန်ပီယံဆုဖလားနဲ့ပတ်သက်ပြီး မေးမြန်းလာခဲ့ရာ အော်စကာက “ချန်ပီယံလိဂ်အိမ်မက်ကတော့ သေချာပေါက်ကို ရှိနေပါတယ်။ ဒါပေမယ့် ပထမဆုံးအနေနဲ့ ဥရောပထိပ်တန်း ကလပ်အသင်းကြီးတစ်ခုစီကို ပြန်လာဖို့ စဉ်းစားရပါဦးမယ်။ ကျွန်တော့်ဆီမှာ အဲ့ဒီလို ပြန်လာနိုင်ဖို့ အခွင့်အလမ်းအချို့လည်း ရှိနေလိမ့်မယ်လို့ ထင်မိပါတယ်။ ကျွန်တော်ဒီမှာ ကစားနေသလို ကစားနိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိတယ်။ ဒါကြောင့်လည်း ကျွန်တော့်အတွက် အခွင့်အရေးတွေသာ ရောက်လာခဲ့မယ်ဆိုရင် ကျွန်တော်ဒီအခွင့်အရေးတွေ အကောင်းဆုံး အသုံးချသွားမှာပါ။ ကျွန်တော်က ချယ်လ်ဆီးအသင်းနဲ့ ဆက်ဆံရေးကောင်းတွေ ရှိလို့လည်းနေပါတယ်။ ကျွန်တော် ဒီအသင်းပေါ်မှာ သံယောဇဉ်ရှိပါတယ်။ အသင်းကိုလည်း အဝေးကနေ လှမ်းအားပေးနေတဲ့သူတစ်ယောက်ပါ။ ဒါကြောင့်မို့ ကျွန်တော်ရဲ့လက်ရှိအသင်းနဲ့ စာချုပ်သက်တမ်းသာ ကုန်ဆုံးသွားခဲ့မယ်ဆိုရင် ကျွန်တော်နောက်ထပ်ပြောင်းရွှေ့မယ့် ကလပ်အသင်းကို နှလုံးသားနဲ့ပါ ရွေးချယ်သွားပါမယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အော်စကာဟာ လာမယ့် ၂၀၂၄ခုနှစ်မှာပဲ လက်ရှိကလပ် ရှန်ဟိုင်းပေါ့တ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။