MySport Myanmar

အသင်းဟောင်း ချယ်လ်ဆီးနဲ့ ပြန်လည် ရင်ဆိုင်ရဖွယ် ရှိနေတဲ့ အော်စကာ

ချယ်လ်ဆီး ကစားသမားဟောင်းကြီး အော်စကာကတော့ လာမယ့် ၂၀၂၅ခုနှစ်မှာပဲ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းနဲ့အတူ အသင်းဟောင်း ချယ်လ်ဆီးကို FIFA Club World Cup ပြိုင်ပွဲကြီးမှာ ပြိုင်ဘက်တွေအဖြစ်နဲ့ ပြန်လည် ရင်ဆိုင်သွားရဖွယ် ရှိနေရပါတယ်။

လက်ရှိမှာ အသက် (၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘရာဇီးလ် လက်ရွေးစင်ဟောင်း ကွင်းလယ်တိုက်စစ် ကစားသမား အော်စကာဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကမှ ချယ်လ်ဆီးအသင်းကနေ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းSIPG(လက်ရှိရှန်ဟိုင်းပို့တ်)အသင်းဆီ အံ့အားသင့်ဖွယ် ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo Credit : SPORTbible

အဲ့ဒီအချိန်တုန်းက တရုတ်စူပါလိဂ်ဟာ အခု ဆော်ဒီလိဂ် ပုံစံမျိုးနဲ့ ဥရောပလိဂ်က ထိပ်သီးကစားသမားတွေကို စွဲဆောင်နိုင်ခဲ့ပြီး ဒီထဲမှာ ချယ်လ်ဆီး ကစားသမား အော်စကာလည်း ပါဝင်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကတည်းက ရှန်ဟိုင်းပို့တ်ဆီ ရောက်သွားခဲ့တဲ့ အော်စကာဟာ အခုတော့ တရုတ်ကနေ ပြန်လည် ထွက်ခွာသွားတော့မှာပဲ ဖြစ်ပါတယ်။

အော်စကာ ရှန်ဟိုင်းပို့တ်အသင်းမှာ ၂၀၁၇ကနေ ၂၀၂၄ခုနှစ်အထိ ဘောလုံးရာသီ (၈)ရာသီ ကြာမြင်တဲ့အထိတောင် ဖြတ်သန်းခဲ့ပြီး တရုတ်စူပါလိဂ် အမှတ်ပေးချန်ပီယံ (၃)ကြိမ် တရုတ်အက်ဖ်အေဖလား (၁)ကြိမ်နဲ့ တရုတ်စူပါဖလား (၁)ကြိမ်တို့ကို ပိုင်ဆိုင်ခဲ့ပြီး ရှန်ဟိုင်းပို့တ်အသင်းရဲ့ အကောင်းဆုံး ကစားသမားပါ ဖြစ်ခဲ့ပါတယ်။

Photo Credit : Goal

ရှန်ဟိုင်းပို့တ်အတွက် ပြိုင်ပွဲစုံ (၂၄၈)ပွဲအထိ ကစားပေးခဲ့ပြီး သွင်းဂိုး (၇၇)ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ အော်စကာဟာ အခုတော့ အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးသွားခဲ့ပြီ ဖြစ်တဲ့အပြင် တောင်ကိုရီးယားကလပ် ဂွမ်ကျူးအသင်းနဲ့ ကစားခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲဟာလည်း အော်စကာအတွက် ရှန်ဟိုင်းပို့စ် ကစားသမားဘဝ နောက်ဆုံးသော ပွဲစဉ် ဖြစ်ခဲ့ပါတယ်။

အခုလို free agent player ဖြစ်သွားတဲ့ အော်စကာကို ဖလာမင်ဂိုအသင်းက ဘရာဇီး်လ်ဆီ ပြန်လည် ခေါ်ဆောင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး တကယ်လို့ အော်စကာသာ ဖလာမင်ဂိုအသင်းဆီ ရောက်လာမယ်ဆိုရင် FIFA World Cup အုပ်စု (D) မှာ သူ့အသင်းဟောင်း ချယ်လ်ဆီးအသင်းနဲ့ ပြန်လည် ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။

Exit mobile version