ချယ်လ်ဆီး ကစားသမားဟောင်းနဲ့ ဘရာဇီးလ် လက်ရွေးစင်ဟောင်း ကွင်းလယ်တိုက်စစ်ကစားသမား အော်စကာဟာ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းပို့တ်(ယခင်က ရှန်ဟိုင်းSIPG)အသင်းမှာ (၈)နှစ်ကြာအထိ ပါဝင်ကစားခဲ့ပြီးတဲ့နောက်မှာ သူရဲ့ လုပ်ခလစာပေါင်းက ပေါင် (၁၇၅)သန်းအထိတောင် ရရှိသွားခဲ့ရပါတယ်။
လက်ရှိမှာ အသက် (၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အော်စကာဟာ ဘရာဇီးလ်ကလပ် အင်တာနေစီယွန်နယ်ကနေ ချယ်လ်ဆီးအသင်းဆီကို ၂၀၁၂ခုနှစ်မှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး လူကောင်ခပ်သေးသေးနဲ့ playmaker type ကစားဟန်နဲ့ ကစားတက်တဲ့ အော်စကာက ချယ်လ်ဆီးမှာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။
Photo Credit : Goal
အော်စကာက ချယ်လ်ဆီးမှာ (၄)ရာသီခွဲအထိ ပါဝင်ကစားခဲ့ပြီး ပြိုင်ပွဲစုံပွဲပေါင်း (၂၀၃)ပွဲမှာ (၃၈)ဂိုး သွင်းယူပေးခဲ့ရင်း တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းပို့တ်ဆီ ပေါင်သန်း(၆၀)နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ အော်စကာက ရှန်ဟိုင်းပို့တ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင်(၄)သိန်းအထိတောင် ရရှိခဲ့ပြီး အဲ့ဒီတုန်းကတော့ တရုတ်စူပါလိဂ် အသင်းတွေက ငွေကြေးအင်အား အလုံးအရင်းနဲ့ ထိပ်တန်း ကစားသမားတွေကို အလုအယက် ခေါ်ယူနေချိန်လည်း ဖြစ်ပါတယ်။
အဲ့ဒီတုန်းက အော်စကာနည်းတူ ဟော့ခ် ၊ ရာမီးရက်ဇ် ၊ ပေါ်လင်ဟို ၊ ပါတို ၊ ရော်ဘင်ဟိုအစရှိတဲ့ ဘရာဇီးလ် ကစားသမားတွေအပြင် တဲလ်ဗက်ဇ် ၊ မီခေးလ် ၊ မာရှေယာနို ၊ ကာဗယ်လ်ဟို ၊ လာဗက်ဇီ ၊ ဂါဗင်ဟိုတို့လို ကစားသမားတွေပါ တရုတ်စူပါလိဂ်က ကလပ်အသင်းတွေမှာ သွားရောက်ကစားဖြစ်ခဲ့ပေမယ့် အော်စကာ တစ်ဦးတည်းသာ တရုတ်မှာ အချိန်အကြာဆုံး ရှိနေခဲ့ပါတယ်။
Photo Credit : The Sun
အော်စကာက ရှန်ဟိုင်းပို့တ်အသင်းအတွက် (၈)နှစ်ကြာ ပါဝင်ကစားခဲ့ပြီးနောက် အသင်းအတွက် (၂၄၈)ပွဲကစား (၇၇)ဂိုးသွင်းယူကာ (၁၄၁)ဂိုးအထိ ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့အပြင် အသင်းနဲ့အတူ တရုတ်စူပါလိဂ် အမှတ်ပေး ချန်ပီယံ (၃)ကြိမ် တရုတ်ရှုံးထွက်ဖလားနဲ့ တရုတ်စူပါဖလား (၁)ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အခုတော့ အော်စကာက ရှန်ဟိုင်းပို့တ်အသင်းနဲ့ စာချုပ်သက်တမ်းလည်း ကုန်ဆုံးသွားခဲ့ပြီမို့ တရုတ်မှာ ဆက်နေဖို့ ဒါမှမဟုတ် ဥရောပ ဘောလုံးနယ်ပယ်ဆီ ပြန်သွားဖို့ အစီအစဉ် မရှိတော့ဘဲ မွေးရပ်မြေ ဘရာဇီးလ်က ကလပ်အသင်း တစ်သင်းသင်းဆီကိုသာ ပြောင်းရွှေ့သွားဖို့ ရှိနေပါတယ်။ အော်စကာကို သူရဲ့အသင်းဟောင်း အင်တာနေစီယွန်နယ်နဲ့ ဖလာမင်ဂိုအသင်းတွေက ခေါ်ယူသွားချင်နေပါတယ်။