တရုတ် စူပါလိဂ်ကလပ် ရှန်ဟိုင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် ကာလရှည် ကစားခဲ့တဲ့ ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစားသမား အော်စကာက ဘရာဇီးလ် ထိပ်သီးကလပ် ဖလာမင်ဂိုဆီ ပြန်လည် ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစားသမား အော်စကာဟာ ၂၀၁၇ခုနှစ်မှာ ချယ်လ်ဆီးကနေ ရှန်ဟိုင်းဆီ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းနဲ့ ပြောင်းရွှေ့သွားသူ ဖြစ်ပြီး ရှန်ဟိုင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Standard

အော်စကာက ရှန်ဟိုင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားသူ ဖြစ်ပြီး သူက ရှန်ဟိုင်းအတွက် ပြိုင်ပွဲစုံမှာ ၁၇၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၉၄ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဘရာဇီးလ် ထိပ်သီးကလပ် ဖလာမင်ဂိုက သူ့ကို ယခု နွေဈေးကွက် အတွင်းမှာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပြီး အော်စကာကလည်း သူ့ရဲ့ မိသားစုတွေ ရှိနေတဲ့ မွေးရပ်မြေ ဘရာဇီးလ်ဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ခဲ့ပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အော်စကာဟာ ဖလာမင်ဂိုဆီ ပြောင်းရွှေ့ဖို့ အတော်လေး နီးစပ်နေကြောင်း အတည်ပြုပေးခဲ့ပြီး အော်စကာနဲ့ ဖလာမင်ဂိုတို့ကြားမှာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားသလို ဖလာမင်ဂိုနဲ့ ရှန်ဟိုင်းတို့ ကြားထဲမှာလည်း ပြောင်းရွှေ့ကြေး အတွက် သဘောတူညီမှု ရဖို့ နီးစပ်နေကြောင်း ဆိုပါတယ်။

အော်စကာဟာ ဖလာမင်ဂိုနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားပြီး ရှန်ဟိုင်းကတော့ အော်စကာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း ဝန်းကျင် လိုချင်နေကြောင်း ဘရာဇီးလ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။