ဂီတာဖေးအသင်း နဲ့ အိုဆာဆူနာအသင်းတို့ ယှဥ်ပြိုင်ခဲ့တဲ့ စပိန် လာလီဂါပွဲစဥ်အတွင်း ဂီတာဖေး တိုက်စစ်မှူးလေး မေဆန် ဂရင်းဝုဒ်ကို ရိုင်းဆိုင်း ရင့်သီးစွာ အော်ဟစ်မှုတွေ လုပ်ဆောင်ခဲ့ကြတဲ့ အိုဆာဆူနာ ပရိသတ်တွေရဲ့ အပြုအမှုတွေကြောင့် အိုဆာဆူနာအသင်းအနေနဲ့ အရေးယူခံရဖွယ် ရှိနိုင်တယ်လို့ သိရှိရပါတယ်။

မန်ယူနိုက်တက်ကနေ ဂီတာဖေးအသင်းမှာ တစ်ရာသီ အငှားနဲ့ လာရောက်ကစားနေတဲ့ ဂရင်းဝုဒ်က အိုဆာဆူနာနဲ့ ပွဲစဥ်မှာပဲ သူရဲ့ဂီတာဖေး ကစားသမားဘဝ ပထမဆုံး ပွဲဦးထွက်အဖြစ် (၇၇)မိနစ်အရောက်မှာ ပါဝင်ကစားခဲ့ရရင်း ပြိုင်ဘက်အသင်း ပရိသတ်တွေဆီကနေ ရင့်သီးတဲ့ လှောင်ပြောင်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

Photo Credit : The Sun

ဧည့်သည် အိုဆာဆူနာအသင်း ပရိသတ်တွေ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ဂရင်းဝုဒ်ကို “ဂရင်းဝုဒ် သေပြီ”ဆိုပြီး သံပြိုင် အော်ဟစ်ခဲ့တာကြောင့် ဒီလုပ်ရပ်တွေကြောင့် အိုဆာဆူနာက လာလီဂါ ဘောလုံးအဖွဲ့ချုပ်ရဲ့ အပြစ်ပေးမှုနဲ့ ရင်ဆိုင်သွားရနိုင်ပါတယ်။

အတူနေချစ်သူကို လိင်ပိုင်းဆိုင်ရာ အတင်းအကျပ် ကြိုးပမ်းမှု ကိုယ်ထိလက်ရောက် ကြိုးပမ်းမှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံရပြီး အမှုရင်ဆိုင်ခဲ့ရပြီးနောက် အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်လာခဲ့တဲ့ ဂရင်းဝုဒ်ဟာ သူရဲ့မူလကလပ် ယူနိုက်တက်မှာ ကစားသမားဘဝ ရှေ့ဆက်ဖို့ ခက်နေရင်းကနေ အခုလို ဂီတာဖေးအသင်းဆီ အငှားနဲ့ ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : The Guardian

ဂရင်းဝုဒ်ကို အငှားနဲ့ ခေါ်ယူခဲ့တဲ့ ဂီတာဖေးအသင်းဟာဆိုရင်လည်း ဆိုရှယ်မီဒီယာတွေမှာသာမက အခုလို ဘောလုံးပွဲစဉ်တွေအထိပါ စော်ကား လှောင်ပြောင်ခံနေရပေမယ့် လာလီဂါ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဒီလို စော်ကားမှုတွေကို ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖြေရှင်းသွားဖို့ ရှိနေပါတယ်။

စော်ကား လှောင်ပြောင်ခံခဲ့ရတဲ့ ဂရင်းဝုဒ်ကတော့ သူပါဝင်ကစားရချိန်မှာ ဂိုးကန်ချက် တစ်ကြိမ် ပြုလုပ်ခဲ့ရင်း အဲ့ကန်ချက်ကို ဟန့်တားရာကနေ ရရှိလာတဲ့ ထောင့်ကန်ဘောတစ်ဆင့် အနိုင်ဂိုး ရရှိခဲ့တာကြောင့် ဂရင်းဝုဒ်ကိုယ်တိုင် ဒီအနိုင်ဂိုးမှာ ပါဝင် ပတ်သက်ခဲ့တယ်လို့တောင် ယူဆနိုင်ပါတယ်။