ဘောလုံးပွဲစဉ်တစ်ပွဲကို ကွင်းအတွင်းသွားရောက်ကြည့်ရှုတာနဲ့ တီဗီရှေ့ကနေ စောင့်မျှော်အားပေးတာ ခံစားချက်ခြင်း အတော်လေးကို ကွဲပြားပါတယ်။ ကစားသမားတွေ ရေကုန်ရေခမ်း ကစားနေကြတာကို ဘောလုံးကွင်းအတွင်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေးကြည့်ရှုခြင်းက ပိုမိုစိတ်လှုပ်ရှားစရာကောင်းပြီး ကိုယ်အားပေးတဲ့အသင်း နိုင်ပွဲရသွားခဲ့ရင်လည်း အသံကုန်အော်ဟစ်ပြီး ခုန်ပေါက်မြူးထူးနေမှာ သေချာပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ကွင်းအတွင်းအားပေးကြမ်းမှုနဲ့ပတ်သက်ပြီး လာလီဂါသမိုင်းတလျှောက်မှာ စံချိန်မှတ်တမ်းတင်လောက်အောင် ဖြစ်သွားခဲ့ရတာလေးကို ပြန်လည်မျှဝေပေးချင်ပါတယ်။

Photo Credit : La Liga

လွန်ခဲ့သော ၂၀၀၈-၂၀၀၉ ဘောလုံးရာသီတုန်းက စပိန်ကလပ် အိုဆာစူနာအသင်းဟာ အဲ့ဒီနှစ် ဘောလုံးရာသီရဲ့ ရာသီအပိတ်ပွဲစဉ်အဖြစ် အိမ်ကွင်းအယ်ဆာဒါမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ဧည့်ခံယှဉ်ပြိုင်ခဲ့ရပါတယ်။ ဒီပွဲမတိုင်ခင် အိုဆာစူနာအသင်းက တန်းဆင်းဇုန်မှာ ရုန်းကန်နေရတာဖြစ်တဲ့အပြင် တန်းမဆင်းရဖို့အတွက်ကလည်း ရီးရဲလ်အသင်းဆီကနေ (၃)မှတ်အပြည့် ရယူနိုင်ဖို့က လိုအပ်နေပါတယ်။ အဆင့်(၁၈)နေရာမှာ ရှိနေတဲ့ အိုဆာစူနာဟာ အဲ့ဒီပွဲစဉ်အတွင်း ရီးရဲလ်ကို (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရခဲ့သလို သူရဲ့ အနီးစပ်ပြိုင်ဘက်တွေဖြစ်တဲ့ ဘက်တစ် ဂီတာဖေးနဲ့ ဗယ်လာဒိုးလစ်တို့က သရေကျခဲ့တဲ့အတွက် အိုဆာစူနာတို့ တန်းဆင်းရမယ့်အရေးကနေ လွတ်မြောက်ခဲ့ရပါတယ်။

Photo Credit : La Liga

ဒီပွဲအစမှာ ဧည့်သည်ရီးရဲလ်အသင်းက တိုက်စစ်မှူးဟီဂွာအင်ရဲ့ ဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပေမယ့် မိနစ်အနည်းငယ်အကြာမှာ အိုဆာစူနာဘက်ကနေ ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ ဒီသရေရလဒ်ဟာ အိုဆာစူနာအသင်းအတွက် တန်းမဆင်းရအောင် မလုံလောက်သေးပဲ မဖြစ်မနေ အနိုင်ရဖို့သာ လိုအပ်နေတဲ့အတွက် အားထုတ်ကစားခဲ့ရာကနေ မိနစ်(၆၀)အရောက်မှာတော့ ဟွမ်ဖရန်ရဲ့ Volley ကန်ချက်နဲ့ အိုဆာစူနာတို့ ဦးဆောင်နိုင်ခဲ့ရပြီး အိမ်ရှင်ပရိသတ်တွေမှာလည်း အရှံးကနေ အနိုင်ရလဒ် အပြောင်းအလဲ အလွန်ပျော်ရွှင်မြူးထူးခဲ့ကာ အားပေးခဲ့တာကြောင့် တစ်ကွင်းလုံးရဲ့ ဆူညံသံတွေက ဂျက်လေယာဉ်ပျံ အင်ဂျင်တစ်လုံးဆီကနေ ထွက်ပေါ်လာတဲ့ အသံဒယ်ဆီဘယ်ပမာဏလောက်အထိကို ရှိသွားခဲ့ရပါတယ်။ ၁၁၅.၁၇ ဒယ်ဆီဘယ်အထိတောင် ရှိခဲ့ရတဲ့ ဆယ်ဆာဒါကွင်းအတွင်းက အားပေးသံတွေဟာ လာလီဂါသမိုင်းတလျှောက်မှာတော့ စံချိန်တင်ရတဲ့အထိ အကျယ်လောင်ဆုံးအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။