မန်ချက်စတာ စီးတီးအသင်းရဲ့ ဒုတိယ ဦးစားပေး ဂိုးသမား စတီဖန် အော်တီဂါက သူ့အနေနဲ့ ပင်တိုင် ဂိုးသမားတစ်ဦးအဖြစ် ပုံမှန် ပွဲကစားခွင့်တွေ ပိုမို အလိုရှိလာတဲ့အတွက် မန်စီးတီးအသင်းကနေ ထွက်ခွာသွားတော့မယ်လို့ Sky Germany ကနေ ဖော်ပြလာခဲ့ပါတယ်။
အသက် (၃၁)နှစ်အရွယ်ရှိ ဂျာမနီလူမျိုး ဂိုးသမား အော်တီဂါဟာ လွန်ခဲ့တဲ့ ၂၀၂၂ခုနှစ်ကမှ ဂျာမန်ကလပ် အာမီးနီးယားအသင်းကနေ မန်စီးတီးအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : The Independent
မန်စီးတီးအသင်းမှာ ဘရာဇီးလ် ဂိုးသမား အီဒါဆင်ရဲ့နောက် ဒုတိယ ဦးစားပေးအဖြစ်သာ ကစားရပေမယ့်လည်း သူပါဝင်ခွင့်ရတဲ့ ပွဲတိုင်းမှာ လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်ဆောင်နိုင်ခဲ့လို့ နည်းပြ ဂွာဒီယိုလာအကြိုက် ကစားသမားပါ ဖြစ်ခဲ့ရပါတယ်။
ဒါပေမယ့် အော်တီဂါက မန်စီးတီး ကစားသမားဘဝ (၂)ရာသီအတွင်း ပွဲစဉ်ပေါင်း (၂၃)ပွဲသာ ကစားထားရသေးပြီး ဒီရာသီမှာဆိုရင်လည်း (၉)ပွဲပဲ ကစားထားရတာကြောင့် အော်တီဂါအနေနဲ့ ပွဲကစားခွင့်တွေ ပိုမို အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Mundo Deportivo
အော်တီဂါဟာ မန်စီးတီးအသင်းနဲ့ (၃)နှစ်စာချုပ်ချုပ်ဆိုထားတာကြောင့် ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိသေးပြီး ဒါကိုလည်း မန်စီးတီးဘက်က သက်တမ်းတိုးသွားချင်ပေမယ့် အော်တီဂါကိုယ်တိုင်ကတော့ ပုံမှန် ပွဲကစားခွင့် ရရှိဖို့အတွက် လာမယ့်နွေမှာပဲ မန်စီးတီးကနေ ထွက်ခွာချင်နေပါတယ်။
မန်စီးတီးမှာ ပွဲကစားခွင့် အနည်းငယ်သာ ရှိနေရတဲ့ ဂိုးသမား အော်တီဂါကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေအပြင် လာလီဂါကလပ်တွေနဲ့ ဘွန်ဒက်စ်လီဂါကလပ်အသင်းတွေလည်း စိတ်ဝင်စားနေကြပြီး ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်ကလည်း ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။