ဥရောပတိုက်ရဲ့ အချမ်းသာဆုံး မိသားစု အဖြစ် သတ်မှတ်ခံထားရတဲ့ အော်တီဂါ မိသားစု ဟာ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းကို ဝယ်ယူဖို့ အတွက် မန်ယူအသင်းကို ပိုင်ဆိုင်တဲ့ ဂလေဇာ မိသားစုထံ ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့တယ် လို့ အမေရိကန် အခြေစိုက် သတင်းဌာနတချို့က ဖော်ပြ သွားခဲ့ပါတယ်။ အော်တီဂါ မိသားစုဟာ စပိန် နိုင်ငံရဲ့ ထိပ်တန်း မိသားစု တစ်စု ဖြစ်ပြီး ကမ္ဘာ့ အချမ်းသာဆုံး မိသားစု စာရင်းမှာ ပဉ္စမမြောက် နေရာမှာ ရှိနေသလို ဥရောပတိုက်မှာ ဆိုရင်တော့ အချမ်းသာဆုံး မိသားစုအဖြစ် သတ်မှတ်ခံထားရကာ သူတို့မိသားစုရဲ့ ပိုင်ဆိုင်မှု ကတော့ စုစုပေါင်း ဒေါ်လာ ၇၇.၈ ဘီလီယံ ဝန်းကျင်အထိ ရှိပါတယ်။

Photo Credit: Business Insider

အမေရိကန်နိုင်ငံ ၊ ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် သတင်းဌာန တစ်ခု ဖြစ်တဲ့ Radio El Fuego သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ အော်တီဂါ မိသားစုဟာ မန်ယူအသင်းကို ဂလေဇာမိသားစုရဲ့ လက်ကနေ လွှဲယူဖို့ ကြိုးစား နေပြီး ကမ်းလှမ်းမှုတစ်ခုကိုတောင် ပြုလုပ် ထားပြီးပြီ လို့ သိရပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ် အခြေစိုက် မန်ယူအသင်းဟာ ကမ္ဘာပေါ်မှာ ပရိသတ်အများဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပြီး သူတို့အသင်းရဲ့ တန်ကြေး ဟာ ဒေါ်လာ ၂ဘီလီယံကျော် ရှိတာကြောင့် အော်တီဂါ မိသားစုအနေနဲ့ ဂလေဇာ မိသားစုရဲ့ လက်ကနေ မန်ယူအသင်းကို ပြောင်းလဲ ရယူနိုင်ဖို့ အတွက် အနိမ့်ဆုံး ဒေါ်လာ ၃ဘီလီယံဝန်းကျင်နဲ့ ကမ်းလှမ်းထားတာ ဖြစ်နိုင်ကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် စီးပွားရေး ကျွမ်းကျင်သူတွေက တွက်ချက် ပြထားပါတယ်။

Photo Credit: Business Insider

ဂလေဇာမိသားစုဟာ မန်ယူအသင်းကို ၂၀၀၃ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်ကြားမှာ ပေါင် ၇၉၀ သန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပြီး အသင်းကို အလုံးစုံ ပိုင်ဆိုင်ခဲ့တာဟာ ၁၅နှစ်နီးပါး ရှိနေပါပြီ။ မန်ယူအသင်းဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ နာမည်ကြီး ထင်ရှားတဲ့ အသင်း ဖြစ်တာကြောင့် အဆိုပါ ၁၅နှစ် အတွင်းမှာ မန်ယူအသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမှု အများအပြားကို ရရှိခဲ့ပေမယ့် ဂလေဇာ မိသားစုဟာ မန်ယူအသင်းကို ရောင်းချခြင်း မပြုခဲ့ပါဘူး။ ဒါပေမယ့် လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ် ကြောင့် ဂလေဇာမိသားစု ပိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေဟာ အနည်းငယ် အကြပ်တွေ့နေပြီး သူတို့ လိုချင်တဲ့ ငွေကြေး ပမာဏ တစ်ခုသာ ရရှိပါက မန်ယူအသင်းကို ရောင်းချနိုင်ချေ ရှိတယ် လို့ ဥရောပရဲ့ စီးပွားရေးနဲ့ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။