အင်္ဂလန် နာမည်ကြီးသတင်းထောက် ဒေးဗစ် အွန်စတိန်းက ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဟာ အင်တာမီလန် ဂိုးသမား အိုနာနာကို ခေါ်ယူနိုင်လိမ့်မယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က သက်တော်ရှည် ဂိုးသမား ဒေးဗစ် ဒီဂီယာကို စာချုပ်သစ် မချုပ်တော့ဖို့ ဆုံးဖြတ်ပြီးနောက် အင်တာမီလန်နဲ့အတူ လက်စွမ်းကောင်းတွေ ပြသခဲ့တဲ့ ဂိုးသမား အိုနာနာကို ခေါ်ယူဖို့ ကြိုးစားနေပြီး အိုနာနာကလည်း ဆရာဟောင်း တန်ဟက်ဂ် ရှိနေတဲ့ ယူနိုက်တက်ဆီ ပြောင်းလာချင်နေပါတယ်။

Photo Credit: Football 365

အသက် ၂၇နှစ် အရွယ် အိုင်ဗရီကို့စ် ဂိုးသမား အိုနာနာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အင်တာမီလန်ရဲ့ ဂိုးပေါက်ကို စွမ်းစွမ်းတမံ ကာကွယ် စောင့်ရှောက်ခဲ့သူ ဖြစ်ပြီး သူက အင်တာမီလန် အတွက် ပြိုင်ပွဲစုံမှာ ၄၁ပွဲ ပါဝင် ကစားပေးခဲ့ရာ ပေးဂိုး ၃၆ဂိုးသာ ခွင့်ပြုခဲ့ရသလို ပေးဂိုးမရှိတဲ့ပွဲ ၁၉ပွဲ အထိ ရှိခဲ့ပါတယ်။

အိုနာနာက လက်စွမ်းကောင်းတဲ့ ဂိုးသမား တဦး ဖြစ်သလို ဘောလုံးကိုင် ကစားရာမှာ ထူးချွန်တဲ့ ထိပ်တန်း ဂိုးသမား တဦး ဖြစ်ပြီး သူ့ရဲ့ လက်စွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ဂိုးပေါက်အတွက် အိုနာနာကို ခေါ်ယူဖို့ ကြိုးစားနေတာပါ။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်က အိုနာနာကို ခေါ်ယူဖို့ အင်တာမီလန်နဲ့ တရားဝင် ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်ထားကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်က အိုနာနာကို ပြောင်းရွှေ့ကြေး ယူရို ၄၅သန်းနဲ့ တရားဝင် ကမ်းလှမ်းခဲ့ပေမယ့် အင်တာမီလန်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်မခံခဲ့ပါဘူး။

အင်တာမီလန်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ပထမဦးဆုံး ကမ်းလှမ်းမှုကို လက်မခံခဲ့ပေမယ့် သူတို့နှစ်သင်း ကြားထဲမှာ အိုနာနာအတွက် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပြီး နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းကတော့ အိုနာနာဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားသစ် ဖြစ်လာလိမ့်မယ်လို့ အခိုင်အမာ ဆိုလာပါတယ်။

အွန်စတိန်းက – “မန်ချက်စတာ ယူနိုက်တက်က ပေးချင်တဲ့ ပြောင်းရွှေ့ကြေးနဲ့ အင်တာမီလန်ဘက်က လိုချင်တဲ့ ပြောင်းရွှေ့ကြေး ပမာဏက အများကြီး မကွာခြားပါဘူး။ မန်ချက်စတာ ယူနိုက်တက်ရဲ့ အားကစားဒါရိုက်တာ မားသော့စ်က အင်တာမီလန်နဲ့ ဆက်တိုက် ဆွေးနွေးနေပြီး ကမ်းလှမ်းမှုတွေလည်း လုပ်နေပါတယ်။ အိုနာနာကလည်း အင်တာမီလန်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတာ ဆိုတော့ မကြာခင်မှာပဲ တရားဝင် သဘောတူညီမှု တခု ရသွားပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။