မကြာခင်မှာ လီဗာပူးလ်အသင်းကနေ အေစီမီလန်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့တော့မယ့် ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား ဒီဗေါ့အော်ရီဂီက သူ့အတွက်တော့ လီဗာပူးလ်အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ယောက်အဖြစ် အမြဲတမ်းရှိနေမယ့်သူလို့ နည်းပြကြီး ယာဂင်ကလော့ပ် ချီးကျူးပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Goal
လွန်ခဲ့တဲ့ ၂၀၁၄ခုနှစ်ကမှ လိုင်လီအသင်းကနေ လီဗာပူးလ်အသင်းဆီကို ပေါင်(၁၀)သန်းဝန်းကျင်နဲ့ ရောက်ရှိလာခဲ့ပြီး ချက်ချင်း လိုင်လီမှာပဲ တစ်ရာသီအငှားနဲ့ ပါဝင်ခဲ့ရသလို ၂၀၁ရခုနှစ်မှာလည်း ဘွန်ဒစ်လီဂါကလပ် ဝုလ်ဖ်ဘတ်အသင်းဆီ အငှားကစားခဲ့ရတဲ့ အော်ရီဂီဟာ လက်ရှိမှာတော့ လီဗာပူးလ်အသင်းနဲ့ အပြီးသတ် လမ်းခွဲရမယ့်အချိန်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အသက်(၂၇)နှစ်အရွှ့ယ် တိုက်စစ်ကစားသမား အော်ရီဂီဟာ လီဗာပူးလ်အသင်း ၂၀၁၉ခုနှစ်မှာ ချန်ပီယံလိဂ် ချန်ပီယံဖြစ်ခဲ့တုန်းက ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲတွေမှာ အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးနိုင်ခဲ့သလို အသင်းအတွက် ပါဝင်ကစားခွင့် ရတိုင်းမှာလည်း အသင်းကို အမြဲတမ်း အကျိုးပြုနိုင်ခဲ့ပါတယ်။
Photo Credit : Liverpool FC
အခုတော့ အသင်းနဲ့ (၇)နှစ်တာ ဖြတ်သန်းခဲ့တဲ့ အော်ရီဂီဟာ လာမယ့်ဇွန်လကုန်မှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး စီးရီးအေကလပ် အေစီမီလန်အသင်းဆီ ပြောင်းရွှေ့ဖို့လည်း အနီးစပ်ဆုံး အခြေအနေမှာ ရှိနေတယ်လို့ သတင်းတချို့ကနေ ဖော်ပြထားကြပါတယ်။ အော်ရီဂီနဲ့ ပတ်သက်ပြီး နည်းပြကလော့ပ်က “ကစားသမားတစ်ဦးအတွက် နှုတ်ဆက်အခမ်းအနား လုပ်ဆောင်ပေးတယ်ဆိုတာက အသင်းကနေ သေချာပေါက် ထွက်ခွာတော့မယ်ဆိုတဲ့ ကစားသမားအတွက်ကိုပဲ ကျွန်တော်တို့ လုပ်ဆောင်ပေးနိုင်တာ။ ဒါက ဒီဗေါ့ပါပဲ။ သူ့အတွက် အထူးနှုတ်ဆက်ပွဲတစ်ခုလောက် ရရှိဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူက ကျွန်တော့်အတွက် လီဗာပူးလ်ရဲ့ ထာဝရ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်ပြီး ကျွန်တော် ပိုင်ဆိုင်ခဲ့တဲ့ ကစားသမားတွေထဲမှာ အရေးပါဆုံးသူလည်း ဖြစ်ပါတယ်။ သူ ဘယ်ကိုပဲသွားသွား သူသွားမယ့်နေရာမှာ အောင်မြင်ပါလိမ့်မယ်။ သူက ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ။ အသင်းမှာရှိတဲ့ လူတိုင်းကလည်း သူ့ကို ချစ်ကြတယ်။ ကျွန်တော် သူ့အကြောင်းတွေးလိုက်တာနဲ့ အကြောင်းအရာ တော်တော်များများကို သတိရနေပါလိမ့်မယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။