MySport Myanmar

သူ့ဘဝရဲ့ အကောင်းဆုံးသော ရက်သတ္တပတ်ပဲလို့ ဖွင့်ဟလာခဲ့တဲ့ အာမတ်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မနေ့ညက အိုးထရက်ဖို့ဒ်ကွင်းမှာ အမှတ်ပေးဇယား အောက်ဆုံးက ဆောက်သမ်တန်အသင်းကို ခက်ခက်ခဲခဲ ကစားသွားခဲ့ရပြီး မိနစ်(၈၀)လောက်အထိ ဦးဆောင်ခံခဲ့ရပေမယ့် အာမတ်ရဲ့ နောက်ကျ ဟက်ထရစ် ဂိုးတွေနဲ့ ပြန်လာနိုင်ခဲ့ရင်း နိုင်ပွဲလည်းရ အဆင့်(၁၂)အထိ တက်လှမ်းသွားခဲ့ရပါတယ်။

အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံကစားသမား အာမတ်ဟာ လွန်ခဲ့တဲ့ ၂၀၂၁ခုနှစ်ကတည်းက အတ္တလန်တာကနေ ယူနိုက်တက်ဆီ ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် အသင်းမှာ နေရာမရခဲ့ဘဲ ရိန်းဂျားစ် ဆန်းဒါးလန်းအသင်းတွေဆီကို အငှားနဲ့ သွားကစားခဲ့ပြီးမှ ယူနိုက်တက်မှာ ကစားခွင့် ရရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Eurosport

နည်းပြ ရူဘင် အမော်ရင် လက်ထက်မှာလည်း ပုံမှန်နီးပါး ပွဲကစားခွင့် ရလာခဲ့တဲ့ အာမတ်က အခု ဇန်နဝါရီလအတွင်းမှာပဲ ယူနိုက်တက်နဲ့ ၂၀၃၀ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် တိုးမြှင့်ချုပ်ဆိုခဲ့ပြီး အခုလို စာချုပ်သက်တမ်း တိုးပြီးနောက်မှာပဲ ကစားသမားဘဝရဲ့ ပထမဆုံး ဟက်ထရစ်ကိုပါ သွင်းယူလာနိုင်ခဲ့ပါတယ်။

“ဘောလုံးအားစားမှာ ယုံကြည်ချက်ထားရပါမယ်။ ကျွန်တော်တို့တွေလည်း ဒီပွဲမှာ အဆုံးထိ ယုံကြည်မှု ထားခဲ့ပြီးတော့ ပွဲကို အနိုင်ရလိုက်တဲ့အတွက်လည်း အရမ်းပျော်ရွှင်ရပါတယ်။ ကျွန်တော်တို့က အာဆင်နယ်နဲ့ လီဗာပူးလ်တို့ကို သရေကစားထားနိုင်ခဲ့လို့ အဲ့ဒီမှာပဲ ယုံကြည်မှုက ရရှိနေပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကျွန်တော်ရဲ့ ပထမဆုံး ဟက်ထရစ် သွင်းယူနိုင်လို့ အရမ်းပျော်ရွှင်ပါတယ်။”

Photo Credit : Goal

“ကျွန်တော် ယူနိုက်တက်အသင်းအတွက် ဘယ်နေရာမှာမဆို ဘယ် positions မှာမဆို ဝင်ကစားပေးသွားဖို့ အဆင်သင့်ပါပဲ။ ကျွန်တော် ဒီကလပ်အသင်းအတွက် တိုက်ပွဲဝင်သွားဖို့လည်း အဆင်သင့် ရှိနေပါတယ်။” လို့ အာမတ်က ပြောဆိုသွားခဲ့ပါတယ်။ အာမတ်ဟာ ၂၀၂၂ခုနှစ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒို ယူနိုက်တက်အတွက် ဟက်ထရစ် သွင်းယူပြီးနောက် အသင်းအတွက် ပထမဆုံး ဟက်ထရစ် သွင်းယူနိုင်တဲ့ ကစားသမားပါ ဖြစ်လာခဲ့ပါတယ်။

အသက်(၂၂)နှစ်သာ ရှိနေသေးတဲ့ ညာတောင်ပံကစားသမားလေး အာမတ်ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၃၀)အထိ ကစားထားခဲ့ပြီး (၉)ဂိုးသွင်းယူထားနိုင်ခဲ့သလို (၇)ဂိုးအထိလည်း ဂိုးဖန်တီးမှု လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။

Exit mobile version