MySport Myanmar

မန်ချက်စတာကို ရောက်ရှိနေတဲ့ အိုင်းယတ်စ် တောင်ပံကစားသမား အန်တိုနီရဲ့ ကိုယ်စားလှယ်

မန်ချက်စတာယူနိုက်တက်အသင်းက စိတ်ဝင်စားနေတဲ့ အိုင်းယတ်စ် တောင်ပံကစားသမား အန်တိုနီရဲ့ ကိုယ်စားလှယ်ဖြစ်သူ ဂျူနီယာပတ်ဒရိုဆိုဟာ လက်ရှိမှာ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ကို ရောက်ရှိနေပြီဖြစ်ပြီး သူ့ကစားသမားရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မန်ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

Photo Credit : Football Planet

မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က အိုင်းယတ်စ်ကနေ မန်ယူနိုက်တက်ဆီ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ပြီးနောက် အိုင်းယတ်စ်က သူ့တပည့်ဟောင်းတွေကို မန်ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်ဖို့ စိတ်ဝင်စားနေခဲ့ပြီး လီဆန်ဒရိုမာတီနက်ဇ်ကို ခေါ်ယူထားနိုင်ခဲ့သလို သူလိုချင်နေတဲ့ ကစားသမားတွေထဲမှာလည်း တောင်ပံကစားသမား အန်တိုနီပါ ပါဝင်နေခဲ့ပါတယ်။ ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား အန်တိုနီဟာ အိုင်းယတ်စ်ရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ကစားသမားကိုယ်တိုင်က ဆရာဟောင်းတန်ဟက်ဂ်နဲ့အတူ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ချင်နေပေမယ့် အိုင်းယတ်စ်ဘက်က သူရဲ့တန်ကြေးကို ပေါင်(၆၈)သန်းအထိ ဈေးသတ်မှတ်ထားခဲ့ပါတယ်။

Photo Credit : Manchester United News

မန်ယူနိုက်တက်က ဒီဈေးကွက်ထဲမှာ ဘယ်နောက်ခံလူ မာလာစီယာ ကွင်းလယ်လူ အဲရစ်ဆင်နဲ့ ဗဟိုခံစစ်မှူး မာတီနက်ဇ်တို့ကို ခေါ်ယူထားခဲ့ပေမယ့် မန်ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ဒီရာသီအတွင်း ကစားရမယ့် ပွဲအရေအတွက်အရ တိုက်စစ်ပိုင်းအတွက် နောက်ထပ် ကစားသမား ဖြည့်တင်းဖို့ လိုအပ်တယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့တာကြောင့် မန်ယူနိုက်တက်ရဲ့ နောက်ထပ် ပစ်မှတ်က အန်တိုနီ ဖြစ်လာဖွယ် ရှိနေပါတယ်။ အိုင်းယတ်စ်ဘက်ကတော့ အန်တိုနီသာ ထွက်ခွာသွားခဲ့ရင် သူ့နေရာ အစားထိုးဖို့အတွက် စပါးအသင်းရဲ့ နယ်သာလန် တောင်ပံကစားသမား ဘာ့ဂျ်ဝင်းကိုပါ ခေါ်ယူထားပြီးပြီဖြစ်လို့ အန်တိုနီကို ရောင်းချသွားဖို့ အလျင်လိုစရာ မလိုအပ်ပဲ သူတို့ အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးမျိုး မရမချင်း အန်တိုနီကို လက်လွတ်သွားဖွယ် မရှိနိုင်လောက်ပါဘူး။ လတ်တလောမှာလည်း အန်တိုနီကို မန်ယူနိုက်တက်နဲ့အတူ ချယ်လ်ဆီး လီဗာပူးလ်အသင်းတွေက အပြိုင်စိတ်ဝင်စားနေပေမယ့် အန်တိုနီကိုယ်တိုင်ကတော့ တန်ဟက်ဂ်နဲ့သာ ပြန်လည်ပူးပေါင်းလိုတာကြောင့် သူရဲ့ကိုယ်စားလှယ်ကို မန်ချက်စတာမြို့ဆီ စေလွှတ်ထားခဲ့ပြီး personal agreed အရင်ယူဆောင်ဖွယ် ရှိနေသလို ကစားသမားအတွက်ကိုတော့ ပြောင်းရွှေ့ကြေး+အီသန်လတ်ဒ်ဆိုတဲ့ ကမ်းလှမ်းမျိုးနဲ့ ကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။

Exit mobile version