MySport Myanmar

ကမ္ဘာ့ဖလားကို နောက်ဆုံးအကြိမ်အဖြစ် ဆင်နွဲသွားရတော့မယ့် ကစားသမားကြီးများ

လာမယ့် (၂၀)ရက်နေ့မှာဆိုရင် ဘောလုံးပရိသတ်တွေ စောင့်ဆိုင်းနေရတဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီး စတင် ကျင်းပပြီဖြစ်ပါတယ်။ လက်ရှိမှာ ဘယ်အသင်းက ချန်ပီယံ ဖြစ်မလဲဆိုပြီး ရင်ခုန်နေကြတဲ့သူတွေ ရှိနေသလို ဒီတစ်ကြိမ် ပြိုင်ပွဲကို ကစားသမားဘဝရဲ့ နောက်ဆုံးသော world cup အဖြစ် ဆင်နွဲကြမယ့် top players တွေလည်း ရှိနေကြတဲ့အတွက် ဒီကစားသမားတွေရဲ့ ပြိုင်ဆိုင်မှုတွေကိုလည်း အသေအချာ စောင့်ကြည့်သွားမယ့်သူတွေလည်း ရှိနေကြမှာ သေချာပါတယ်။

ရော်နယ်လ်ဒို

၂၀၀၆ကမ္ဘာ့ဖလားကတည်းက စတင် ဆင်နွဲလာခဲ့တဲ့ ရော်နယ်လ်ဒိုဟာ အခုဆို အသက်(၃၇)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်လို့ ဒီတစ်ကြိမ် သူ့အတွက် ပဉ္စမမြောက် world cup က သူ့အတွက် final world cup ဖြစ်လာတော့မှာ အသေအချာပါပဲ။

မက်ဆီ

ရော်နယ်လ်ဒိုလိုပဲ ကမ္ဘာ့ဖလားကို (၅)ကြိမ်ထိ ဆင်နွဲထားခဲ့တဲ့ မက်ဆီဟာဆိုရင်လည်း လက်ရှိမှာ အသက်(၃၅)နှစ်အရွယ်ကို ရောက်နေပြီဖြစ်လို့ အခု ကာတာကမ္ဘာ့ဖလားဟာလည်း မက်ဆီအတွက်တော့ final world cup ဖြစ်လာမို့ ဘယ် goat ကြီးက world cup မှာ အနိုင်နဲ့ပိုင်းသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။

ဘန်ဇီမာ

ဒီနှစ်ရဲ့ Ballon d’Or ဆုရှင်ကြီး ဘန်ဇီမာဟာလည်း ၂၀၁၈ခုနှစ်ထဲ ပြင်သစ် ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ချိန်က အသင်းရဲ့ လူစာရင်းထဲ ကံဆိုးစွာနဲ့ မပါဝင်ခဲ့ရင်း အခု ၂၀၂၂မှသာ ပြန်လည် ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။ သူလည်း လက်ရှိမှာ (၃၄)နှစ် ရှိနေပြီဖြစ်လို့ ဒီတစ်ကြိမ်ဟာလည်း ဘန်ဇီမာအတွက် နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမှာပါ။

မိုဒရစ်

(၃၇)နှစ်တောင် ရှိနေပြီဖြစ်သော မိုဒရစ်ကတော့ ခရိုအေးရှားနဲ့ ကာတာကမ္ဘာ့ဖလား ဆင်နွဲပြီးတာနဲ့ နောက်ထပ် နိုင်ငံတကာပြိုင်ပွဲကြီးတွေ ပါဝင်တော့မှာ မဟုတ်ကြောင်း ထုတ်ပြန်ထားခဲ့တာမို့ အခုတစ်ကြိမ်က သူ့အတွက် နောက်ဆုံး ကမ္ဘာ့ဖလားဆိုတာ သေချာသွားခဲ့ရပြီ ဖြစ်ပါတယ်။

လီဝန်ဒေါစကီး

ပိုလန်ဂိုးမုဆိုးက ပိုလန်နဲ့အတူ ၂၀၁၈ခုနှစ်မှသာ ကမ္ဘာ့ဖလားကို ပါဝင်ခဲ့ရပြီး အခု ၂၀၂၂ကမ္ဘာ့ဖလားတော့ အသက်(၃၄)နှစ်အရွယ် လီဝန်ဒေါစကီးအတွက် နောက်ဆုံးသော world cup ဖြစ်လာတော့မှာမို့ ပိုလန်ကို အုပ်စုကနေ နောက်တစ်ဆင့်တတ်အောင် အစွမ်းကုန် ကြိုးပမ်းပေးသွားရပါတော့မယ်။

ဆွာရက်ဇ်

ဥရောပ ဘောလုံးနယ်ပယ်ထဲမှာတောင် မရှိတော့တဲ့ ဥရုဂွေး တိုက်စစ်မှူးကြီး ဆွာရက်ဇ်ဟာလည်း လက်ရှိမှာ အသက်(၃၅)နှစ်အရွယ်ကို ရောက်နေပြီဖြစ်သလို အသင်းမှာလည်း ဒါဝင်နူနက်ဇ်လို မျိုးဆက်သစ်တွေ ထွက်ပေါ်လာပြီဖြစ်လို့ ဒီတစ်ကြိမ်က သူ့အတွက်တော့ final world cup ပါပဲ။
ဆက်လက်ပြီး ဝေးလ်စ် တောင်ပံကစားသမား ဂါရတ်ဘေးလ် ဂျာမနီ အကျော်အမော်ကြီး မူလာ အာဂျင်တီးနား ဝါရင့် တောင်ပံကစားသမားကြီး ဒီမာရီယာနဲ့ စပိန် ကွင်းလယ်ဗိုလ်ချုပ် ဘူးစကတ်စ်တို့ဟာလည်း သူတို့ရဲ့ နောက်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွဲသွားကြရမှာ ဖြစ်ပါတယ်။

Exit mobile version