ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမား အိုနာနာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာ ယူနိုက်တက်က ဘိုင်ယန်မြူးနစ်ကို ၄-၃ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတာဟာ သူ့ရဲ့ အမှားကြောင့် ဖြစ်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ဝန်ခံလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ယခုနှစ်ရဲ့ ချန်ပီယံလိဂ် အုပ်စု(A)မှာ ဂါလာတာစာရေး ၊ ကိုပင်ဟေဂင် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေပြီး ယနေ့မနက်မှာ ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Photo Credit: Sky Sports

ဂျာမန်မြေမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးက ရမှတ်တွေ စုဆောင်းနိုင်ဖို့ အတွက် အကောင်းဆုံး လူစာရင်းတွေနဲ့ ပွဲထွက်လာခဲ့ကြပြီး အိမ်ရှင် ဘိုင်ယန်မြူးနစ်ကတော့ မန်ချက်စတာ ယူနိုက်တက်ထက် လူအင်အား ပိုမို တောင့်တင်းသလို ကစားကွက်လည်း ပိုကောင်းခဲ့ပါတယ်။

ဒါကြောင့်ပဲ ဆာနေးက ပွဲချိန် ၂၈မိနစ်မှာ အဝေးကန်ချက်နဲ့အတူ ဘိုင်ယန်မြူးနစ် အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး နောက်ထပ် ၄မိနစ်အကြာမှာ ဂနာဘရီက ဘိုင်ယန်မြူးနစ် အတွက် ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပါတယ်။ ၂-၀ ဆိုတဲ့ ရလဒ် ဖြစ်သွားပြီးနောက် မန်ချက်စတာ ယူနိုက်တက်က ချေပဂိုးတွေ ပြန်ရဖို့ တရစပ် ကြိုးစားလာခဲ့ပြီး ပွဲချိန် ၄၉မိနစ်မှာ ဟွိုက်လန်းက သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုးလည်းဖြစ် ၊ ယူနိုက်တက်ရဲ့ ပထမ ချေပဂိုးလည်း ဖြစ်တဲ့ သွင်းဂိုးကို ရက်ဖို့ဒ်ရဲ့ ပေးပို့မှုကနေ သွင်းယူခဲ့ပါတယ်။

Photo Credit: Goal

ချေပဂိုး ၁ဂိုး ပြန်ရပြီးနောက် ယူနိုက်တက်တို့ အားတက်ခဲ့ရပေမယ့် နောက်ထပ် ၅မိနစ် အကြာမှာပဲ အဲရစ်ဆင်ရဲ့ လက်ထိမှုကြောင့် ပင်နယ်တီ ပေးခဲ့ရပြီး အဆိုပါ ပင်နယ်တီကို ဟယ်ရီကိန်းက အမှားအယွင်း မရှိ ကန်သွင်းနိုင်ခဲ့ပါတယ်။ ပွဲချိန် ၈၈မိနစ်မှာ ကတ်စ်မဲရိုးက မန်ချက်စတာ ယူနိုက်တက် အတွက် ချေပဂိုး တဂိုး ထပ်မံ သွင်းယူပေးခဲ့ပေမယ့် နောက်ထပ် ၄မိနစ် အကြာမှာပဲ မာသီတဲလ်က ဘိုင်ယန်အတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို ထပ်သွင်းပေးခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲချိန် ၉၀+၅မိနစ်မှာတော့ ကတ်စ်မဲရိုးကပဲ ယူနိုက်တက် အတွက် နောက်ထပ် ချေပဂိုး တဂိုး ထပ်မံ သွင်းယူပေးခဲ့ပြန်ပါတယ်။

ဘိုင်ယန်မြူးနစ် ၄-၃ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာတော့ ဘိုင်ယန်မြူးနစ်ရဲ့ အဖွင့်ဂိုး ဖြစ်တဲ့ ဆာနေးရဲ့ ကန်ချက်ကို တားဆီးနိုင်ခဲ့သင့်ပါလျက် မတားဆီးနိုင်ခဲ့တဲ့ အိုနာနာကို ဝေဖန်မှု တချို့ ရှိနေပြီး အိုနာနာကလည်း သူဟာ ဆာနေးရဲ့ ကန်ချက်ကို ကာကွယ်နိုင်ခဲ့သင့်ပေမယ့် မကာကွယ်နိုင်ခဲ့ပဲ သူ့ရဲ့ အမှားကြောင့် ယူနိုက်တက်ဟာ ရှုံးခဲ့ရတာပါလို့ ဝန်ခံသွားခဲ့ပါတယ်။ အိုနာနာက – “အရိုးသားဆုံး ပြောရရင် ကျွန်တော်က လုပ်မိခဲ့တဲ့ အမှားတွေကို ပြန်ကြည့်ပြီး လေ့လာသင်ယူဖို့ လိုနေပါပြီ။ အမှားတွေဆိုတာ ကျွန်တော်တို့ ဘဝတွေရဲ့ အစိတ်အပိုင်းတွေပါ။ ကျွန်တော်က အသင်းအတွက် ပျော်မိပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့တွေ အရမ်း ကြိုးစားခဲ့ကြပါတယ်။ အသင်းက ကျွန်တော့်ကြောင့်သာ ရှုံးပွဲနဲ့ ကြုံခဲ့ရတာပါ။ ဒီရှုံးပွဲက ကျွန်တော်နဲ့ သက်ဆိုင်ပါတယ်။ ဒါကို လက်ခံပါတယ်။ ကျွန်တော်က ကိုယ့်ရဲ့ အမှားကို ကိုယ်တိုင် တာဝန်ယူပါမယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။