ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမား အိုနာနာက ယမန်နေ့ညမှာ ပွဲစဉ်(၂၈) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ အဲဗာတန်နဲ့ ပွဲစဉ်မှာ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် သူ့ရဲ့ လက်စွမ်းက တဖြည်းဖြည်းနဲ့ ပိုကောင်းလာပြီလို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် ကင်မရွန်းလက်ရွေးစင် ဂိုးသမား အိုနာနာက ယခုနှစ် ဘောလုံးရာသီ အစမှာ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန် ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့အတွက် အင်တာမီလန်ထံ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ပေးချေခဲ့ရပါတယ်။

Photo Credit: Guardian

မန်ချက်စတာ ယူနိုက်တက်က အိုနာနာကို အသင်းရဲ့ သက်တော်ရှည် ဂိုးသမား ဒေးဗစ် ဒီဂီယာရဲ့ နေရာအတွက် အားကိုးတကြီးနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် အိုနာနာက မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိပြီးနောက် အမှားအယွင်း များစွာကို ကျူးလွန်မိခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အိုနာနာက အသင်းသစ်မှာ အထိုင်ကျနေသလို သူ့ရဲ့ လက်စွမ်းကလည်း တဖြည်းဖြည်းချင်း တိုးတက်လာပြီး ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၂-၀ အဲဗာတန် ပွဲစဉ်မှာ အိုနာနာက ဂိုးပေါက် ကန်သွင်းချက် ၂၃ကြိမ် ရင်ဆိုင်ခဲ့ရာမှာ ပေးဂိုး တဂိုးမှ မပေးခဲ့ရပဲ ဂိုးမရှိနိုင်ပွဲ တပွဲကို ပိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက် ၂-၀ အဲဗာတန် ပွဲအပြီးမှာတော့ အိုနာနာက သူ့ရဲ့ လက်စွမ်းဟာ ပိုပို ကောင်းလာနေပြီး သူတို့အသင်းဟာ ရာသီကုန်ချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်(၄) အတွင်း ဝင်နိုင်ဖို့ မျှော်လင့်ထားကြောင်း ဆိုလာပါတယ်။ အိုနာနာက – “အခုတော့ ကျွန်တော့်ရဲ့ လက်စွမ်းတွေက ပိုကောင်းလာပါပြီ။ ကျွန်တော်က အသင်းမှာလည်း အရမ်း ပျော်နေပါတယ်။ ခင်ဗျားတို့တွေ ဒီထက် ပိုကောင်းတဲ့ လက်စွမ်းတွေကို ကျွန်တော့်ဆီကနေ ထပ်မြင်ရပါဦးမယ်။ ကျွန်တော့်ကို ယုံကြည်ပါ။ လာမယ့်နှစ်တွေမှာ ကျွန်တော်တို့အသင်းက အရေးပါတဲ့ ဆုဖလားတွေ အတွက် တိုက်ပွဲဝင်ခွင့် ရနေဖို့ မျှော်လင့်မိပါတယ်။ ပြီးတော့ ကျွန်တော်က ဒီရာသီမှာ အရေးပါတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရဖို့လည်း မျှော်လင့်ထားပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။