မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ဂိုးသမားဖြစ်သူ အန်ဒရေ အိုနာနာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဒုတိယ အကောင်းဆုံး ဂိုးသမားတစ်ဦး ဖြစ်တယ်လို့ ယူနိုက်တက် အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်က သတ်မှတ် ပြောဆိုုလိုက်ပါတယ်။

ဒီနှစ်နွေမှ အင်တာမီလန်အသင်းကနေ ယူနိုက်တက်အသင်းဆီ ပေါင် (၄၇.၂)သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ ကင်မရွန်း ဂိုးသမား အိုနာနာဟာ ယူနိုက်တက် ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာ လက်စွမ်း မတည်ငြိမ်မှုတွေနဲ့ ရုန်းကန်နေရပေမယ့်လည်း နည်းပြ တန်ဟက်ဂ်ကတော့ သူ့ကစားသမားအပေါ် ယုံကြည်လျက် ရှိနေပါတယ်။

Photo Credit : The Mirror

ဒီဂီယာ နဲ့ ဒင်းဟန်ဒါဆန်တို့ကို လက်လွတ်ပြီး အိုနာနာ နဲ့ ဘယင်ဒါတို့ကို ပြန်လည် အားဖြည့်ခဲ့တဲ့ တန်ဟက်ဂ်က ဒီရာသီ ယူနိုက်တက်ရဲ့ ပွဲစဉ်တွေ အားလုံးမှာ အိုနာနာ တစ်ဦးတည်းကိုပဲ ဆက်တိုက် အသုံးပြုနေသလို အမှားအယွင်းတွေ ရှိနေသည့်တိုင် အိုနာနာကိုသာ ဆက်လက် အသုံးပြုနေခဲ့ပါတယ်။

အခုလည်း တန်ဟက်ဂ်က အိုနာနာနဲ့ ပတ်သက်ပြီး “အိုနာနာက စိတ်ပိုင်းဆိုင်ရာ သန်မာတဲ့သူ ဖြစ်နေတာကြောင့် အခု အခြေအနေကို ကောင်းကောင်းကြီး ဖြတ်သန်းနိုင်မှာပါ။ နောက်ပြီး သူရဲ့ stats တွေကို သေချာ လေ့လာကြည့်မယ်ဆိုရင်လည်း သူဟာ ပရီးမီးယားလိဂ်မှာ ဒုတိယ အကောင်းဆုံး ဂိုးသမား ဖြစ်နေပါတယ်။”

Photo Credit : Extra.ie

“ဂိုးအဖြစ် ပြောင်းလဲနိုင်မယ့် ဂိုးတွေကို သူ ကာကွယ်နိုင်မှု အပိုင်းတွေ ကြည့်လိုက်မယ်ဆိုရင်လည်း သူက ပရီးမီးယားလိဂ်ရဲ့ ဒုတိယ အကောင်းဆုံး ဂိုးသမားပါပဲ။”လို့ ပြောဆိုလာခဲ့ပြန်ပါတယ်။

အိုနာနာဟာ ပြီးခဲ့တဲ့ ဂါလာတာစာရေးအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာလည်း အမှားအယွင်းတွေ လုပ်ဆောင်မိရင်း ချေပဂိုးတွေ ဆက်တိုက် ခွင့်ပြုပေးခဲ့ရပေမယ့်လည်း ဒီအခြေအနေကို တန်ဟက်ဂ်က ထပ်မံ ကာကွယ်လိုက်ပြန်ပြီး အိုနာနာ တစ်ဦးတည်း အပြစ်မတင်ခဲ့ပဲ တစ်သင်းတည်းကိုသာ အပြစ်တင်သွားခဲ့ပါတယ်။