MySport Myanmar

မန်ချက်စတာဆီ ပြန်လာနေတဲ့ အိုနာနာ ဝုလ်ဗ်နဲ့ ပွဲကိုပါ ပါဝင်ကစားဖွယ် ရှိနေ

မန်ချက်စတာ ယူနိုက်တက်အသင်း တည်ရှိရာ မန်ချက်စတာမြို့ဆီကို ပြန်လာနေပြီဖြစ်တဲ့ ဂိုးသမား အိုနာနာကတော့ ဒီတစ်ပတ် ကြားရက်မှာ ဝုလ်ဗ်အသင်းနဲ့ ယှဉ်ပြိုင်သွားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုပါ ပါဝင်ကစားသွားဖွယ် ရှိနိုင်တယ်လို့ သိရှိရပါတယ်။

ကင်မရွန်း လက်ရွေးစင် ဂိုးသမား အိုနာနာဟာ ကင်မရွန်းအသင်းနဲ့အတူ အာဖရိကဖလားပြိုင်ပွဲကို ပါဝင် ဆင်နွဲနေပေမယ့် ကင်မရွန်းက ရှုံးထွက် (၁၆)သင်းအဆင့်မှာပဲ နိုင်ဂျီးရီးယားအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အိုနာနာပါ အာဖရိကဖလား ကျင်းပရာ အိုင်ဗရီကို့စ်ကနေ မန်ချက်စတာဆီ ချက်ချင်း ပြန်လာခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo Credit : Fox Sports

ယူနိုက်တက် ပရိသတ်တွေကတော့ အိုနာနာရဲ့ လက်စွမ်းပိုင်း မတည်ငြိမ်မှုတွေကြောင့် အရန်ဂိုးသမား ဘာယင်ဒါကို ပွဲကစားခွင့်တွေ ပိုရချင်နေပေမယ့် အိုနာနာရဲ့ ကင်မရွန်းက ရှုံးထွက်အဆင့်နဲ့ပဲ အာဖရိကဖလားကနေ ထွက်ခွာရပြီဖြစ်လို့ အိုနာနာက ယူနိုက်တက်နဲ့ အလျင်အမြန် ပူးပေါင်းနိုင်တော့မှာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ တပည့်ကျော် အိုနနာနာက အာဖရိကဖလားပြိုင်ပွဲ ကျင်းပဖို့ နီးကပ်နေချိန်အထိ ယူနိုက်တက်အတွက် တောက်လျှောက် ပါဝင်ခဲ့ရင်း နောက်ဆုံးမှာ ကင်မရွန်းရဲ့ အုပ်စုအဖွင့်ပွဲကို လွဲချော်ခဲ့ရသလို ကင်မရွန်းနည်းပြကလည်း အိုနာနာကို အုပ်စုနောက်ဆုံးပွဲနဲ့ (၁၆)သင်းအဆင့်ပွဲတွေမှာပါ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။

Photo Credit : Eurosport

အခု ကင်မရွန်းကလည်း (၁၆)သင်းအဆင့်နဲ့ပဲ ကျေနပ်လိုက်ရပြီဖြစ်လို့ ဂိုးသမား အိုနာနာပါ သူရဲ့ကလပ်အသင်းနဲ့ အမြန်အဆန် ပူးပေါင်းသွားမှာဖြစ်ပြီး ဝုလ်ဗ်နဲ့ပွဲစဉ်မှာလည်း အသင်းရဲ့ ပွဲထွက် ဂိုးသမားအဖြစ် ပါဝင်လာဖို့ ရှိနိုင်ပါတယ်။

ဒါကြောင့် ယူနိုက်တက်ရဲ့ တူရကီ ဂိုးသမား ဘာယင်ဒါအနေနဲ့ ယူနိုက်တက်အတွက် နယူးပို့တ်အသင်းနဲ့ ပွဲစဉ်တစ်ပွဲတည်းကိုသာ ကစားပေးခွင့် ရရှိနိုင်ပြီး ဝုလ်ဗ်နဲ့ ပွဲစဉ်အပါအဝင် နောက်ပိုင်း ပွဲစဉ်တွေကိုတော့ တန်ဟက်ဂ် တပည့်ကျော်ကြီး အိုနာနာကပဲ ဆက်တိုက် ကစားသွားရနိုင်ပါတယ်။

Exit mobile version