မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂိုးသမား အန်ဒရေ အိုနာနာဟာ ကင်မရွန်း လက်ရွေးစင်အသင်းနဲ့အတူ အာဖရိကနိုငံများဖလား ပြိုင်ပွဲကို ဝင်ရောက် ဆင်နွဲခြင်း မပြုတော့ပဲ ယူနိုက်တက်အတွက်ကိုသာ ဆက်လက် အာရုံစိုက်သွားဖွယ်သာ ရှိနေတယ်လို့ သိရှိရပါတယ်။

အိုနာနာအနေနဲ့ ကင်မရွန်းနဲ့အတူ အာဖရိကဖလားပြိုင်ပွဲကို ဝင်ရောက် ဆင်နွဲဖြစ်မယ်ဆိုရင် တစ်ဖက်မှာ ယူနိုက်တက်အသင်းအတွက်ကိုလည်း နှစ်လဝန်းကျင် ပွဲစဥ်ပေါင်း (၇)ပွဲခန့်လောက်အထိကို လွဲချော်ရနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : TEAMtalk

အသက် (၂၇)နှစ်အရွယ် ဂိုးသမား အိုနာနာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အင်တာမီလန်အသင်းအတွက် အကောင်းဆုံးသော လက်စွမ်းတွေ ပြသနိုင်ခဲ့သလို အသင်းကိုလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိပါ ပို့ဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီဂီယာကို လက်လွတ်ထားတဲ့ ယူနိုက်တက်က ဂိုးသမားနေရာအတွက် အိုနာနာကို အရခေါ်ယူခဲ့တာဖြစ်ပြီး ​ပြောင်းရွေ့ကြေး ပေါင် (၄၃.၈)သန်းအထိပါ အသုံးပြုခဲ့ပါသေးတယ်။

အိုနာနာဟာ မနှစ်က လက်စွမ်းတွေကောင်းမွန်ခဲ့သလောက် ယူနိုက်တက်ကို ရောက်ရှိသွားချိန်မှာ သူရဲ့လက်စွမ်း​ပိုင်းတွေက မယုံနိုင်စရာကောင်းလောက်အောင် ကျဆင်းသွားခဲ့ရပြီး အလွယ်တကူ ဖမ်းယူလို့ရနိုင်မယ့် ဂိုးကန်ချက်တွေကိုပါ ဂိုးအဖြစ် ခွင့်ပြုပေးနေရပါတယ်။

Photo Credit : Goal

ဒါကြောင့် လာမယ့် ဇန်နဝါရီလ (၁၃)ရက်နေ့မှာ စတင် ကျင်းပသွားမယ့် အာဖရိကဖလားပြိုင်ပွဲကို အိုနာနာက သူရဲ့ကင်မရွန်းအသင်းနဲ့အတူ ပါဝင်သွားဖွယ် မရှိပဲ ယူနိုက်တက်အသင်းအတွက်ကိုသာ အကောင်းဆုံး အာရုံစိုက်ပေးသွားဖွယ်ပဲ ရှိနေပါတယ်။

ဒါပေမယ့် အိုနာနာက ယူနိုက်တက်အသင်းမှာ လက်ရှိအချိန်ထိ အကောင်းဆုံး လက်စွမ်းတစ်ခုကို မရရှိနိုင်သေးတာကြောင့် အသင်းပရိသတ်တွေက အိုနာနာနဲ့အတူ ဒီနွေမှ အသင်းကို ရောက်ရှိလာတဲ့ တူရကီဂိုးသမား ဘယင်ဒါကို ပြောင်းလဲ အသုံးပြုစေချင်နေသလို အခုထိ အသင်းသစ် မရှာဖွေနိုင်သေးတဲ့ ဂိုးသမားဟောင်း ဒီဂီယာကိုပါ အသင်းဆီ ပြန်လာပေးဖို့ တောင်းဆိုနေကြပါတယ်။