မန်ချက်စတာ ယူနိုက်တက်အသင်းမှာ နေရာပျောက်ဆုံးနေတဲ့ ဂိုးသမား အန်ဒရေ အိုနာနာတစ်ယောက် ကင်မရွန်းအသင်းအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အလွယ်တကူ ဂိုးပေးခဲ့ရမှုကြောင့် လူမှုကွန်ရက်ပေါ်မှာ “ကမ္ဘာ့အညံ့ဆုံး ဂိုးသမား”လို့တောင် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။ ဒီနေ့ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ကင်မရွန်းအသင်းဟာ ကိပ်ဗာဒီအသင်းကို ၁-၀ ဂိုးနဲ့ မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ပြီး အဲ့ဒီတစ်လုံးတည်းသော အရှုံးဂိုးအတွက် အိုနာနာမှာ အဓိက တာဝန်ရှိနေခဲ့တာ ဖြစ်ပါတယ်။
ကိပ်ဗာဒီအသင်းအတွက် အနိုင်ဂိုးကို ဒေလွန် လီဗရာမန်တိုက တစ်ကိုယ်တော် ကြိုးပမ်းမှုကနေတစ်ဆင့် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အသက် (၂၄)နှစ်အရွယ် တိုက်စစ်မှူးဟာ ဂိုးရှေ့ကို အပြေးအလွှား ဖောက်ထွက်လာချိန်မှာ အိုနာနာဟာ ရှေ့ထွက်ပြီး ထောင့်ပိတ်ကာကွယ်ဖို့ ကြိုးစားခဲ့ခြင်းမရှိဘဲ အလွယ်တကူ ဂိုးပေးခဲ့ရပါတယ်။
Photo Credit : The Sun
ဒီအဖြစ်အပျက်ကြောင့် ဘောလုံးပရိသတ်တွေက X (တွစ်တာ) လူမှုကွန်ရက်ပေါ်မှာ သူ့ကို အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ @jboy2442: “အိုနာနာက တကယ့်ကို ကမ္ဘာ့အညံ့ဆုံး ဂိုးသမားပဲ။ ကင်မရွန်းအတွက် သူအခုလေးတင်ပေးလိုက်ရတဲ့ဂိုးက အရမ်းဆိုးတယ်။ သူ ဂိုးစည်းပေါ်ကနေ ထွက်ပြီး ထောင့်မပိတ်ဘူး။ တိုက်စစ်မှူးက သူ့အနား ၂ ပေအကွာရောက်တဲ့အထိ ဂိုးထဲမှာပဲ နေနေတယ်။”
@NaijaBallBoy: “ဒါက ယုံကြည်မှု လုံးဝပျောက်ဆုံးနေတာကို ပြနေတယ်။ သူ့ရဲ့ ပုတ်ထုတ်ပုံက ဘာရည်ရွယ်ချက်မှမရှိဘဲ ‘လဲချလိုက်ရုံ’ သက်သက်ပဲ။ နောက်ဆုံးလူ ကျော်သွားပြီဆိုကတည်းက ရှေ့ထွက်ပြီး တိုက်စစ်မှူးကို ပိတ်ထားလိုက်ရင် ပိုကောင်းမှာ။” @cfc_danielss: “ဒါက ဂိုးသမားတစ်ယောက်ရဲ့ အခြေခံနည်းစနစ်ပဲလေ။ ဂိုးစည်းပေါ်ကနေ နည်းနည်းလောက်ထွက်ပြီး ထောင့်ကျဉ်းအောင်လုပ်ရမှာပေါ့။” @Ben_jiSam: “ဂိုးပေးပြီးသွားတိုင်း ခြေအိတ်ပြန်ဆွဲတင်တဲ့ သူ့ရဲ့ပုံစံက ကျွန်တော့်ကို အမြဲတမ်း စိတ်ပျက်စေတယ်။”
Photo Credit : Goal
အသက် (၂၉)နှစ်အရွယ် အိုနာနာဟာ ကမ္ဘာ့အကြီးဆုံးကလပ်တွေထဲက တစ်ခုဖြစ်တဲ့ ယူနိုက်တက်ကို အင်တာမီလန်ကနေ ပြောင်းရွှေ့လာပြီးနောက် (၂)နှစ်အကြာမှာ သူ့ရဲ့ကစားသမားဘဝဟာ အခြေအနေမကောင်းတော့ပါဘူး။ ယူနိုက်တက်မှာ ဆန်နီ လမ်းမန်စ် ရောက်လာပြီးနောက် သူဟာ အသင်းအတွက် အပိုလူဖြစ်သွားခဲ့ပြီး တူရကီကလပ် ထရက်ဇွန်စပေါကို အငှားထွက်ခွာသွားခဲ့ရပါတယ်။
ကင်မရွန်းလက်ရွေးစင်ဂိုးသမားဟာ ယုံကြည်မှု အကြီးအကျယ် ပျောက်ဆုံးနေပုံရပြီး တူရကီစူပါလိဂ်ရဲ့ အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် လာမယ့် ကြာသပတေးနေ့မှာ အသင်းသစ်ဆီကို ရောက်ရှိဖွယ်ရှိနေပါတယ်။ လွန်ခဲ့တဲ့ (၂)နှစ်ကျော်က ယူနိုက်တက်က သူ့ကို ပေါင် (၄၇.၂)သန်းနဲ့ ခေါ်ယူစေခဲ့တဲ့ လက်စွမ်းကောင်းတွေကို ပြန်လည်ရှာဖွေနိုင်ဖို့ သူကိုယ်တိုင်လည်း မျှော်လင့်နေမှာ သေချာပါတယ်။